
စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းကို ကန့်သတ်လိုက်တာကြောင့် ရခိုင်ပြည်နယ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်တင်ကုန်ချနဲ့ မော်တော်ဘုတ်သမားတွေရဲ့ မိသားစုဝင် ၁,၅၀၀ ကျော် စားဝတ်နေရေး အခက်တွေ့နေကြရပါတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က စတင်ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအပြင် ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို စစ်တွေကုန်သွယ်ရေးစခန်းကနေပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တင်ပို့ခွင့် ပြုသွားမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်လိုက်တာဖြစ်ပါတယ်။
မော်တော်ဘုတ်သမားတယောက်က “အရင်က ကုန်ပစ္စည်းတွေ အများကြီးလာတယ်။ အခုက ကုန်ပစ္စည်းတွေမလာကြဘူး။ ကျနော်တို့ ဘုတ်သမားတွေနဲ့ အလုပ်သမားတွေ အားလုံး အခက်အခဲဖြစ်သွားကြရတယ်။ ကုန်ပစ္စည်းတွေလာဖို့ အချိန်ကို စောင့်နေကြရတယ်။ မော်တော်ဘုတ်ကိုစောင့်ပြီး နေထိုင်နေကြရတယ်။ ကုန်တွေက အခုမလာနိုင်သေးရင်လည်း နောက်နေ့တွေမှာ လာမယ်ဆိုပြီး မျှော်လင့်ချက်နဲ့ နေထိုင်နေကြရတာ။ အခုလို ကုန်စည်တွေ လုံးဝမလာလို့ရှိရင် ကျနော်တို့သားသမီးတွေ အားလုံး ထမင်းငတ်ပြီး သေသွားကြမှာပါ။ ကျနော်တို့ မောင်တောဒေသမှာက ဘာအလုပ်အကိုင်မှ မရှိဘူး။ ဒီအလုပ်အပြင် တခြားအလုပ်မရှိဘူး။ အိမ်မှာ မိသားစု ၁၀ ယောက် ရှိတယ်။ စီးပွားရေးဇုန်က ပိတ်နေတဲ့ အခြေအနေမှာ ရောက်နေတာ။ သားသမီးတွေ ငတ်ပြီးသေသွားရမယ့် အနေအထားပါ” လို့ ပြောပါတယ်။
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့နေကြတဲ့ မော်တော်ဘုတ် ၁၅ စီးလောက်ရှိပြီး အဲဒီမော်တော်ဘုတ် ၁၅ စီးမှာ လှေလုပ်သား ၅၀ လောက်နဲ့ မိသားစုဝင်ဦးရေ ၃၀၀ ကျော်ရှိပါတယ်။
ကုန်တင်ကုန်ချအလုပ်သမား ၄ ဖွဲ့မှာတော့ အလုပ်သမားဦးရေ ၁၆၀ ကျော်ရှိကာ မိသားစုဝင် ၁,၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ကုန်တင်ကုန်ချ အလုပ်သမားတယောက်က “ကညင်ချောင်း စီးပွားရေးဇုန်ကို ဘာကုန်မှ မလာကြတော့ဘဲ စစ်တွေမြို့ကနေပဲ ဘင်္ဂလားကို တင်ပို့နေကြတဲ့အတွက် မောင်တောနယ်စပ် ကုန်သွယ်ရေးက ကုန်တင်ကုန်ချအလုပ်သမား ၁၆၀ ကျော်မှာ အလုပ်လက်မဲ့ဖြစ်နေရတယ်”လို့ ပြောပါတယ်။
အလုပ်အကိုင်မကောင်းလို့ စားဝတ်နေရေး အခက်အခဲဖြစ်သလို သားသမီးတွေရဲ့ ပညာရေးကိုပါ ထိခိုက်လာနေတယ်လို့လည်း ပြောပါတယ်။