DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမူဘောင်အတွက် နိုင်ငံရေးပါတီများကို အစိုးရကမ်းလှမ်း
DVB
·
August 11, 2014
နိုင်ငံရေးမူဘောင်အတွက် နိုင်ငံရေးပါတီများကို အစိုးရကမ်းလှမ်း
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင် ချမှတ်ရာမှာ တာဝန်ယူမှုရှိရှိနဲ့ ပါဝင်ကြဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့  ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေးပါတီ ၆၆ ပါတီကို ပြောကြားပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖိတ်ကြားရှင်းလင်းဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့တာဖြစ်ပြီး  အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ်ဆန်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စချင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

4 copyအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအကြားမှာတော့ အပစ်အခတ်ရပ်စဲပြီးတာနဲ့ ရက်ပေါင်း ၆၀ အတွင်း မူဘောင်ရေးဆွဲဖို့နဲ့ အပစ်ရပ်ပြီး ရက်ပေါင်း ၉၀ အတွင်း  နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ သဘောတူညီချက်က ရထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်ချက်ကို လက်တွေ့ အကောင်အထည်ပေါ်လာစေမယ့် နှစ်ဘက်အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကတော့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

တပြည်လုံးအပစ်ရပ်ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲဖို့ မြန်မာပြည်မှာ သဘောတူထားပေမယ့် နိုင်ငံတကာမှာတော့  မူဘောင်ရေးဆွဲဖို့ အနည်းဆုံး ၄ လကနေ ၁၂ လအထိ အချိန်ယူ ကြာမြင့်တယ်ဆိုတာကို ထည့်သွင်းပြောကြားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဘက် ပူးတွဲရေးဆွဲရာမှာ ဒုတိယမူကြမ်းရရှိထားပြီး ဖြစ်ပေမယ့် အချက် ၃၀ ကျော် ဆွေးနွေးဖို့ ကျန်နေဆဲဖြစ်ပါတယ်။

နိုင်ငံရေးမူဘောင်ရေးဆွဲရေးမှာ နိုင်ငံရေးပါတီတွေကလည်း ဆွေးနွေးဘက်အနေနဲ့ ပါဝင်လာမှာ ဖြစ်တဲ့အတွက် ပြင်ဆင်ထားကြဖို့ ၀န်ကြီး ဦးအောင်မင်းက ပါတီခေါင်းဆောင်တွေကို ပြောဆိုပါတယ်။

ဦးအောင်မင်းက “ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့နှစ်ဆန်းမှာ စချင်ပါတယ်။ ၂၀၁၅ ဟာ ရွေးကောက်ပွဲနှစ်ဖြစ်တဲ့အတွက် အချိန်လည်း သိပ်မရှိတော့ပါဘူး။ ဒါကြောင့် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့အတွက် အခုလို တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ကြိုးစားနေသည်နဲ့ တပြိုင်နက် မူဘောင်အတွက် ကြိုတင်ပြင်ဆင် ဆွေးနွေးတာတွေကိုလည်း စပြီး ဆောင်ရွက်လိုတာဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဉ်နှစ်ခုကို တပြိုင်တည်းလုပ်ဖို့ကိုလည်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ သဘောတူညီမှု ရခဲ့ပြီးဖြစ်ပါတယ်။ သူတို့ ဘက်ကလည်း ပြင်ဆင်နေပါတယ်။ ဒိုင်ယာလော့ ပါတနာတွေဖြစ်တဲ့ နိုင်ငံရေးပါတီများဘက်ကလည်း အခုချိန်ကစပြီး ပြင်ဆင်နိုင်ဖို့ အတွက် အသိပေးလိုပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲက ကြိုတင်ဆုံးဖြတ်ဖို့မဟုတ်ဘဲ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို Brain Stroming လုပ်နိုင်ကြဖို့နဲ့ ကြိုတင် ပြင်ဆင်ကြဖို့ပါလို့ ဦးအောင်မင်းက ပြောပါတယ်။

ဒီပွဲကို နိုင်ငံရေးပါတီအားလုံးကို တပါတီလျှင် နှစ်ဦးစီ၊ သီးခြားဖိတ်ကြားထားသူနဲ့ လေ့လာသူတွေ အပါအဝင် တက်ရောက်သူ စုစုပေါင်း ၁၅၀ ဦး ရှိပါတယ်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အကြား နိုင်ငံရေးမူဘောင် ချမှတ်ရေးဆွေးနွေးပွဲမှာ ကိုယ်စားပြုမှုအပိုင်းကို ညှိနှိုင်းကြရဦးမှာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်မှုကို လိုလားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ (ယူပီဒဗလျူစီ) ဘက်က အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်ဖို့ လိုလားနေပါတယ်။

အဲဒီဒုတိယမူကြမ်းကို ပါဝင်ရေးဆွဲသူတွေဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ် ၃ ဦးစီ ထည့်သွင်းခဲ့တဲ့အတွက် ကိုယ်စားပြုမှုကို ပြသသလို နိုင်ငံရေးမူဘောင် ဆွေးနွေးရာမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံးရဲ့ တာဝန်ခံမှုတွေပါ ရယူတာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

“အခုတော့ မူဘောင်ရေးဆွဲရေး လုပ်ငန်းစဉ်တွေကနေ ခင်ဗျားတို့စပြီး ပါဝင်၊ တာဝန်ယူ၊ တာဝန်ခံရတော့မယ်” လို့ ဦးအောင်မင်းက သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013