
အီရန်နိုင်ငံမှာ မနှစ်ကသေဆုံးသွားတဲ့ မာဆာအာမီနီနဲ့အတူ “အမျိုးသမီး၊ ဘဝရှင်သန်မှု၊ လွတ်လပ်ခွင့်” ဆိုင်ရာ လှုပ်ရှားမှုကို ဥရောပသမဂ္ဂပါလီမန်က ဆာခါရော့ဗ်ဆု ချီးမြှင့်လိုက်တယ်လို့ အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
လွတ်လပ်စွာ တွေးခေါ်ခွင့်အတွက် နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ဒီဆုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကျင့်ဝတ်ထိန်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် အာမီနီက ရရှိခဲ့တာပါ။
အီရန်အနောက်ပိုင်း ကာ့ဒစ္စတန်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဒီအမျိုးသမီးငယ်ဟာ မဖြစ်မနေ လိုက်နာရမယ့် အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ ဥပဒေအပေါ် ဆန့်ကျင်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာပါ။
အာမီနီရဲ့ မိသားစုကတော့ ဦးခေါင်းနဲ့ ခြေလက်အင်္ဂါတွေကို ထိုးကြိတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ အတည်ပြုပါတယ်။
အီရန်အာဏာပိုင်တွေဘက်က အာမီနီရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်သာ သေဆုံးခဲ့ရတာဖြစ်တယ်ဆိုပြီး ငြင်းဆန်ထားပါတယ်။
အဲ့ဒီနောက် ဒီအမျိုးသမီးငယ်ရဲ့ သေဆုံးမှုက လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ဆန္ဒပြပွဲတွေအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။
ဒါကြောင့် အာမီနီနဲ့အတူ “အမျိုးသမီး၊ ဘဝရှင်သန်မှု၊ လွတ်လပ်ခွင့်” ဆိုတဲ့ လှုပ်ရှားမှုကိုပါ အခုလို ဆုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံးသော နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်တယ်လို့လည်း သိရပါတယ်။
Source/Photo-Reuters











