DVB Logo
Home
မြန်မာသတင်း
ပြုပြင်ပြောင်းလဲရေးဆက်လုပ်ရန် မြန်မာကို ဂျွန်ကယ်ရီတိုက်တွန်း
DVB
·
August 11, 2014
ပြုပြင်ပြောင်းလဲရေးဆက်လုပ်ရန် မြန်မာကို ဂျွန်ကယ်ရီတိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ သိသိသာသာ တိုးတက် အောင်မြင်နေမှု ရပေမယ့် ကတိပြုထားတဲ့အတိုင်း လူ့အခွင့်အရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီရေး လုပ်ဆောင်စရာတွေ ဆက်လုပ်ဖို့ အများကြီး ကျန်ရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

[caption id="attachment_62108" align="alignright" width="300"]Myanmar US အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ[/caption]

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂ ရက်ကြာ ကျင်းပပြီးစီးသွားတဲ့ အာဆီယံဒေသတွင်း ဖိုရမ်နဲ့ ဆက်စပ်အစည်း အဝေးတွေကို တက်ရောက် အပြီး နေပြည်တော်မှာ သြဂုတ် ၁၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ  ဂျွန်ကယ်ရီ က ပြောသွားတာပါ။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အခြားဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ စိုးရိမ်စရာ ပဋိပက္ခတွေဟာ လူနေမှုအဆင့်အတန်း မြင့်မားဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီး ဖြစ်နေတယ်။ လူမျိုးရေးနဲ့ ဘာသာရေးအကြမ်းဖက်မှုတွေ ဆက်ရှိနေတယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး ဒါတွေဟာ ရှေ့ဆက်မယ့်ခရီးအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေအဖြစ် ဆက်ရှိနေတုန်းပဲလို့  ဂျွန်ကယ်ရီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ကြာရှည်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေ အတွက် လုပ်ပိုင်ခွင့်နေရာတိုးပေးဖို့၊ မီဒီယာတွေကို အကာအကွယ်ပေးဖို့ တောင်သူလယ်သမားတွေ မြေပိုင်ခွင့်ရရေး၊ လူအုပ်စုချင်း ပဋိပက္ခတွေ တားဆီးရေးနဲ့ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့် ရအောင် လုပ်ပေးဖို့၊ ခက်ခဲ့တဲ့ တာဝန်တွေ ပြီးအောင်လုပ်ဖို့ လိုနေသေးတယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် လာမယ့်နှစ်မှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသွားနေတဲ့ ဦးတည်ရာကို တကမ္ဘာလုံးက မှန်းဆနိုင်ဖို့ စံထားရမယ့်  အရေးအကြီးဆုံး အချိန်ကာလဖြစ်တယ်။ ရွေးကောက်ပွဲမှာ  အားလုံးပါဝင်ခွင့်ရရှိဖို့၊ ပွင့်လင်း လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ ရွေးကောက်ပွဲအပြီး ၂၀၁၆မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုများ ဆက်လက်ဖြစ်ပေါ်လာဖို့လည်း အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လာမယ့် နိုဝင်ဘာမှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ဂျွန်ကယ်ရီက အထည်ပြု ပြောကြားခဲ့ပြီး မြန်မာလွှတ်တော်ဥက္ကဋ္ဌနဲ့ ရေးရာကော်မတီအကြီးအကဲတွေ ၀ါရှင်တန်ကို မကြာခင် လာရောက်ပြီး အမေရိကန်အထက်နဲ့ အောက်လွှတ်တော် ဥပဒေပြု အမတ်တွေနဲ့ တွေ့ဆုံကြဖို့လည်း ဖိတ်ကြားသွားခဲ့ပါတယ်။

ဂျွန်ကယ်ရီဟာ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့ခွင့်အရေးအခြေအနေတွေကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ ညနေပိုင်းမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဂျွန်ကယ်ရီက  နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့   ဒေါ်အောင်ဆန်းစုကြည်ဆီ  ၁၉၉၉ ခုနှစ်တုန်းက နောက်ဆုံး လာရောက်ခဲ့ဖူးကြောင်း၊ ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်တက်နေပြီး ပြည်သူလူထုတွေလည်း မြန်မာပြည်ရဲ့  ဦးတည်ရာ အနာဂတ်ကို ပွင့်ပွင့်လင်းလင်း ငြင်းခုန်ပြောဆိုနိုင်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကတော့  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တည်ငြိမ်စွာ အကောင် အထည်ဖော်နိုင်တဲ့ အောင်မြင်မှုတွေကို တွေ့ရမှာ ဖြစ်ကြောင်း၊ စိန်ခေါ်မှုတွေကို အလေးထားပြောနေမယ့်အစား အောင်မြင်မှုတွေကို အသိအမှတ်ပြုပြီး အခြေခိုင်အောင် ကူညီပေးသင့်ကြောင်း နဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် နောက်ပြန်လှည့်ဖို့ မရှိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ဂျွန်ကယ်ရီဟာ သြဂုတ် ၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သြဂုတ် ၁၀ ရက်နေ့မှာ  ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့ပြီးနောက် မြန်မာနိုင်ငံကနေ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ဆက်လက် ထွက်ခွာသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013