DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်စခန်းတိုက်ခိုက်မှုနှင့်ပတ်သက်သည့် အာဆီယံကြေညာချက် စစ်ကောင်စီကန့်ကွက်
DVB
·
October 20, 2023
စစ်ရှောင်စခန်းတိုက်ခိုက်မှုနှင့်ပတ်သက်သည့် အာဆီယံကြေညာချက် စစ်ကောင်စီကန့်ကွက်
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာအနီး  မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်ဟာ  မှားယွင်းတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကလေးသူငယ် ၁၄ ယောက်အပါအဝင် အနည်းဆုံး ၂၉ ယောက် သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဆီယံရဲ့ အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာ မုန်လိုင်ခက် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားတဲ့အပေါ် စစ်ကောင်စီဘက်က ငြင်းဆိုလိုက်ပြီး ဒါဟာ လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အဆိုပါဖြစ်စဉ်နဲ့ စပ်လျဉ်းတဲ့ အ ချက်အလက်မှန်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ အောက်တိုဘာ ၁၁ ရက်နေ့က တည်းက အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ခုလိုကြေညာချက်ကို မလိုအပ်ဘဲ ထုတ်ပြန်ခဲ့ကာ အာဆီယံထုတ်ပြန်ချက်ပါ အချက်အလက်တွေက ထင်ယောင် ထင်မှားဖြစ်စေပြီး အခြေအမြစ်မရှိတဲ့အတွက် မြန်မာနိုင်ငံက ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကို ဘက်လိုက် ရေးသားထားတဲ့ ပြည်တွင်းပြည်ပမီဒီယာတွေကို ကိုးကားပြီး ဒုက္ခသည် စခန်းကို ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းစွာ ဖော်ပြထားကြောင်းလည်း စစ်ကောင်စီက ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေ၊ အခြေခံမူတွေကို တိကျစွာလေးစားလိုက်နာပြီးတော့ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားတနိုင်ငံက ဝင်ရောက် စွက်ဖက်တာမျိုး မပြုလုပ်ကြဖို့လည်း စစ်ကောင်စီက အသိပေးထားပါတယ်။

မုန်လိုင်ခက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့  တိုက်ခိုက်မှုဟာ စစ် ရာဇဝတ်မှုမြောက်နိုင်တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ HRW အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အသီးသီးက ထုတ်ပြန်ချက် ပြောကြားထားပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး HRW က  မျက်မြင်သက်သေ ၅ ယောက်ကို မေးမြန်း အင်တာဗျူးလုပ်ခဲ့ပြီး တိုက်ခိုက်မှုအပြီး မြင်တွေ့ရတဲ့ ဓာတ်ပုံ ၂၀ နဲ့ ရုပ်သံဗီဒီယို ၃ ခုကို စိစစ်ကြည့်ရာမှာ  မြန်မာစစ်တပ်ဟာ ကျေးရွာပေါ်ကို အရင်လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ကနေ စိန်ပြောင်း ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သုံးသပ်ထားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ဥပဒေတွေကို ချိုးဖောက်ပြီး လူနေထူထပ်တဲ့ အရပ်သားတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ သာမိုဘာရစ်ဗုံး အသုံးပြုကာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ ပါတယ်။

ပဋိပက္ခတွေကို စောင့်ကြည့် အချက်အလက်စုဆောင်းထားတဲ့ (ACLED) အဖွဲ့ကတော့ မြန်မာနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီးတော့ လစဉ်တိုး လာနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ တခြားအဖွဲ့တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့နဲ့ သူတို့ရဲ့ လေကြောင်းလောင်စာ ဆီဖြတ်တောက်ရေး လုပ်ဆောင်မှုတွေအပြင် စစ်တပ်ရဲ့ ၀င်ငွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ အကြိမ်ကြိမ် တိုက်တွန်းနေပါတယ်။

မုန်လိုင်ခက်စခန်းဟာ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ တရုတ်နိုင်ငံနယ်စပ်အနီးက လိုင်ဇာမြို့နဲ့ ၅ ကီလိုမီတာ အကွာမှာ တည်ရှိနေတာပါ။

၂၀၁၁ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားချိန်မှာတော့ အသစ်ပြန်လည်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် လီဆူ တိုင်းရင်းသားတွေ အဓိကနေထိုင်ရာ မုန်လိုင်ခက်ရွာဟာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို လက်ခံထားတဲ့ စစ် ဘေးရှောင်ဒုက္ခသည်စခန်းတခု ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013