DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ပြန်ဖွင့်မည့် သဘောတူညီချက်ကြောင့် ရေနံစျေး ဒေါ်လာ ၁၀၀ အောက် ပြန်ရောက်
DVB
·
April 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

သီတင်း ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်နဲ့ အီရန်တို့ကြား သဘောတူလိုက်ပြီးတဲ့နောက် ကမ္ဘာ့ရေနံဈေးဟာ သိသိသာသာ ကျဆင်းသွားခဲ့သလို စတော့ဈေးကွက်တွေလည်း တန်ဖိုးပြန်တက်လာပါတယ်။

ဒါ့အပြင် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရမဲ့အချက် ပါဝင်တဲ့အလျောက်  ဘရန့် ကမ္ဘာ့ရေနံညွှန်းကိန်းက တစည်ကို အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၈၀ ဒေါ်လာနဲ့ ၁၃ ရာခိုင်နှုန်းလောက် စျေးပြန်ကျသွားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခ မတိုင်ခင် ကာလထက်တော့ ရေနံဈေးတွေ မြင့်တက်နေဆဲဖြစ်ပြီး အဲဒီတုန်းက တစည်ကို ဒေါ်လာ ၇၀ ဝန်းကျင်သာ ရှိပါတယ်။

ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်က ရေလက်ကြားဖြတ်သန်းမဲ့ သင်္ဘောတွေကို တန်ပြန်ခြိမ်းခြောက်ခဲ့တဲ့အလျောက် စွမ်းအင်ဈေးနှုန်း ခုန်တက်ခဲ့တာပါ။

အလားတူ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့လည်း ပဋိပက္ခ ကြီးထွားလာတာနဲ့ အမျှ စွမ်းအင်ဈေးနှုန်းတွေ အဆမတန် တက်လာမှာကိုတော့ ဒေါ်နယ်ထရမ့်ပ်ဘက်က ရှောင်ရှားချင်ပုံရပါတယ်။

ဧပြီ ၈ ရက် မနက်ပိုင်းအရောက်မှာ အာရှ-ပစိဖိတ်ဒေသတွင်းက စတော့ရှယ်ယာ အညွှန်းကိန်းတွေ ပြန်တက်လာတာကို တွေ့ရပါတယ်။

အဲဒီနောက် ဂျပန်နိုင်ငံရဲ့ Nikkei 225 အညွှန်းကိန်းက ၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယား Kospi က ၆ ရာခိုင်နှုန်းနီးပါး၊ ဟောင်ကောင် Hang Seng က ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ဩစတြေးလျရဲ့ ASX 200 က ၂ ဒသမ ၇ ရာခိုင်နှုန်းကို အသီးအသီး တက်လာပါတယ်။

အခုလိုမျိုး အီရန်စစ်ပွဲအတွင်း ပျက်စီးသွားတာတွေကို ပြုပြင်ဖို့ဆိုရင် ဒေါ်လာ ၂၅ ဘီလီယံကျော် ကုန်ကျနိုင်တဲ့အပြင် နှစ်နဲ့ချီအောင်ပါ အချိန်ယူရနိုင်တယ်လို့ Rystad Energy သုတေသနကုမ္ပဏီက ခန့်မှန်းထားပါတယ်။

လာမဲ့သီတင်းပတ်အတွင်း အပစ်ရပ်ထားချိန်မှာ ဟော်မုဇ်အနီး ပိတ်မိနေတဲ့ ရေနံတင်သင်္ဘောတွေက ရေလက်ကြားကို ဖြတ်သန်းသွားနိုင်မှာ ဖြစ်တဲ့အလျောက် သက်ဆိုင်ရာ စျေးကွက်အလိုက် သက်သာရာ ရနိုင်ပါတယ်။

အထူးသဖြင့် အာရှနိုင်ငံအများစုဟာ အရှေ့အလယ်ပိုင်းဒေသက စွမ်းအင်တင်ပို့မှုကို အဓိက မှီခိုနေရတဲ့အတွက် စီပွားရေးဆိုင်ရာ အကျိုးဆက်​တွေနဲ့ ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။

တကယ်လို့သာ အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့မယ်ဆိုရင် ကမ္ဘာ့ရေနံဈေးနှုန်းက အချိန်ယူရနိုင်ပေမဲ့လည်း ပုံမှန်အနေအထားကို ပြန်ရောက်နိုင်တယ်ဆိုပြီး ကျွမ်းကျွင်သူတွေက သုံးသပ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013