DVB Logo
Home
နိုင်ငံတကာ
ထိုင်းပြည်သူများအတွက် အစိုးရက ဘတ် ၁၀,၀၀၀ စီ ဝေငှမည့်ကိစ္စ မရေမရာဖြစ်နေ 
DVB
·
October 19, 2023
ထိုင်းပြည်သူများအတွက် အစိုးရက ဘတ် ၁၀,၀၀၀ စီ ဝေငှမည့်ကိစ္စ မရေမရာဖြစ်နေ 
Donate to DVB

 

ထိုင်းအာဏာရ ဖွေ့ထိုင်းပါတီက အစိုးရဖြစ်လာရင် ထိုင်းပြည်သူတွေကို ဒီဂျစ်တယ်လ်ငွေကြေး ဘတ် ၁၀၀၀၀ စီ ဝေငှပေးမယ်လို့ မဲဆွယ်စဉ်ကာလ ကတိပေး ပြောကြားခဲ့ပေမဲ့ လက်တွေ့လုပ်ဆောင်ဖို့ရာမှာ  မ‌ရေမရာ အခြေအနေ ဖြစ်နေပါတယ်။ 

အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်းကို သူတို့ရဲ့ ဖုန်းအပလီကေးရှင်းထဲမှာ ဘတ် ၁၀၀၀၀ စီဖြည့် ပေးမှာဖြစ်ပြီး မိမိမှတ်ပုံတင်ပါ နေရပ်လိပ်စာရဲ့ ၄ ကီလိုနယ်နိမိတ်ထဲမှာဘဲ သုံးစွဲရမယ်၊ အဲဒီငွေနဲ့ အရက်သေစာ မူးယစ်ဆေးဝါး လောင်းကစားတွေ မလုပ်ရဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပြောထားပါတယ်။ 

သန်းပေါင်း ၄၀ ကျော်တဲ့ ၁၆ နှစ်ပြည့်သူတွေကို ‌ ကတိအတိုင်း ဝေငှပေးမယ်ဆိုပါက  ငွေဘတ် သန်းပေါင်း ၅၆၀၀၀၀ ကျော် လိုအပ်မှာဖြစ်ပြီး အဲဒီငွေတွေ ဘယ်ကယူမလဲဆိုတာကို အစိုးရက တိတိကျကျ ချမပြသေးတဲ့အတွက် တတ်သိပညာရှင်တွေ၊ ယခင် စီမံဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်း၊ အထက်လွှတ်တော်အမတ်တွေ အပါအဝင် အတော်များများရဲ့ ကန့်ကွက်ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။ 

ဒီကနေ့မှာဆိုရင် ပြည်သူဘက်က အမြဲရပ်တည် တောင်းဆိုမှုတွေပြုနေတဲ့ ဘန်ကောက်မြို့တော်ဝန်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူ ခွန်ရို့စ်နာတိုးဆစ်တကွန်းက ဖွေ့ထိုင်းပါတီအစိုးရရဲ့ ဘတ် ၁၀၀၀၀ ဝေငှမယ့်အစီအစဉ် ဥပဒေနဲ့ညီညွတ်မှုရှိ၊ မရှိ ပြန်လည်သုံးသပ်ဖို့ နိုင်ငံတော်ပိုင်ငွေစိစစ်‌ရေးဌာနကို စာတစ်‌စောင်ပေးပို့ခဲ့ပါတယ်။ 

ဘတ် ၁၀၀၀၀ ဝေငှမယ့် အစီအစဉ်ဟာ  လက်တွေ့မှာ မလွယ်ကူကြောင်း၊ ပြည်သူ့အခွန်ငွေတွေနဲ့ ပြည်သူကို ပြန်ပေးပြီး နောက်ဆုံးတော့ တိုင်းပြည်အကြွေးတင်ရင် ပြည်သူတွေ အကြွေးတင်တာနဲ့ အတူတူပဲလို့ ပညာရှင်တွေက ဝေဖန်ထောက်ပြခဲ့တာကို ဖွေ့ထိုင်းပါတီက နားမထောင်ဘဲ ရှေ့ဆက်တိုးဖို့ ကြိုးစားနေတယ်။ ဒီကနေ့  နိုင်ငံတော်ပိုင်ငွေ စိစစ်ရေးဌာနကို ပေးပို့တဲ့စာထဲမှာ ဘတ် သန်းပေါင်း ငါးသိန်းခြောက်သောင်း ဘယ်ကနေ ယူမလဲ၊ မလိုအပ်ဘဲနဲ့ တိုင်းပြည်ဘဏ္ဍာငွေကို ဖြုန်းတီးရာကျတယ်၊ နိုင်ငံတော်ရန်ပုံငွေသုံးစွဲရေး ခေါင်းစဉ်မှာ ဘတ် ၁၀၀၀၀ စီ‌ဝေမယ့်ဟာ မပါဘူး၊ အပလီကေးရှင်း ထည့်သွင်းတာဟာ မလိုလားအပ်ဘူး ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ ခွန်ရို့စ်နာက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါ့အပြင် ထိုင်းဖတ်ဒီပါတီခေါင်းဆောင် ဒေါက်တာ ဝေါလ်ဝုန်း တေချကစ်ဝိကလုန်းကလည်း ဘတ် ၁၀၀၀၀ ဝေမယ့်ကိစ္စ စိစစ်ဖို့ နိုင်ငံတော်တရားရုံးကို စာပို့ထားကြောင်း၊ အဲဒီထဲမှာ  ဘတ် ၁၀၀၀၀ ဝေငှခြင်းဖြင့် လူမှုအသိုင်းအဝိုင်းမှာ မျှတမှုရှိစေမှာမဟုတ်၊ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အရှေ့ကို သွားနေတယ်၊ ဒီဂျစ်တယ်လ်‌ငွေ အဆောတလျင်သုံးဖို့ မလိုအပ်၊ ပြည်သူတွေကို ဝေငှမယ့်အစား ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ သုံးစွဲသင့်တယ်၊ ငွေဝေငှခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်တယ်၊ အခြေခံစီးပွားရေးအဆောက်အအုံကို ထိခိုက်စေတယ်၊ အစိုးရပိုင် SCB ဘဏ်က ငွေတွေ ချေးငှားခြင်းဖြင့် အများပြည်သူတွေပိုပြီး အကြွေးတင်စေတဲ့အကြောင်းတွေ ထောက်ပြထားတယ်လို့ ပြောပါတယ်။

ဒီမိုကရက်ပါတီက ယခင်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဖိဆစ်လိအားထမ်းကလည်း ဘတ် ၁၀၀၀၀ စီဝေမယ့်ငွေတွေ ဘယ်ကနေ ယူမလဲ၊ ဘတ် ၁၀၀၀၀ ဆိုတာ ဆင်းရဲသားတွေအတွက်ဆိုရင် သဘောတူတယ်၊  ငွေကြေးပြည့်စုံသူတွေအတွက်ဆိုရင်တော့  ရက်ပိုင်းအတွက်ပဲ၊ နိုင်ငံတော်ဘဏ္ဍာငွေ ဖြုန်းတီးရာကျတယ်၊ အဲဒီလို ဝေငှမယ့်အစား ရေရှည်အသုံးဝင်မယ့် အမြန်ရထားဆောက်ရင် ပိုကောင်းမယ်၊ သေချာပြန်သုံးသပ်ဖို့ လိုတယ်လို့ ပြောပါတယ်။ 

ဖွေ့ထိုင်းပါတီအစိုးရရဲ့  ဘတ် ၁၀၀၀၀ ဝေငှရေးဆပ်ကော်မတီဝင်ဖြစ်သူ နိုင်းကျူလပန်း အမွန် ဝိဝပ်ကတော့ ငွေဝေငှမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ အစည်းအဝေးလုပ်နေကြောင်း၊ E-Money ပုံစံနဲ့ ဝေငှဖို့၊ မူလက မိမိ‌အိမ်လိပ်စာရဲ့ ၄ ကီလိုမီတာဧရိယာတွင်းသာ သုံးခွင့်ရှိတယ်လို့ ပြောထားပေမဲ့ မြို့နယ်အတွင်းသုံးစွဲဖို့ ဧရိယာတိုးချဲ့နိုင်ကြောင်း ပြောပါတယ်။

ဒီကနေ့အစည်းအဝေးမှာ ဝေငှငွေတွေ အလိမ်မခံရအောင် ပြင်ဆင်ကာကွယ်ဖို့ ရဲတပ်ဖွဲ့က တာဝန်ယူပြီး ပြည်ထဲရေးဝန်ကြီးဌာနကတော့ E-Money လက်ခံနိုင်မယ့် ကုန်တိုက်တွေ၊ ဈေးဆိုင်တွေရဲ့ စာရင်းကို ကောက်ယူ ဖို့စတာတွေ ဆွေးနွေးနေတယ်။ အောက်တိုဘာ ၂၄ ရက်မှာ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ကြေညာနိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။ 

ကိုးကား/Photo - CH7HDNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013