DVB Logo
Home
မြန်မာသတင်း
စီးတီးတက္ကစီများ အဝါရောင်လိုင်းစတစ်ကာကို ပြင်ပဆိုင်များတွင်သာ ပြုလုပ်နေ
DVB
·
October 19, 2023
စီးတီးတက္ကစီများ အဝါရောင်လိုင်းစတစ်ကာကို ပြင်ပဆိုင်များတွင်သာ ပြုလုပ်နေ
Donate to DVB

ရန်ကုန်မှာ စီးတီးတက္ကစီယာဥ်တွေအဝါရောင်စတစ်ကာကပ်တာကို ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က  အခမဲ့ ပြုလုပ်ပေးနေပေမဲ့ ပြင်ပစတစ်ကာဆိုင်တွေမှာ ပြုလုပ်သူများနေတယ်လို့  စတစ်ကာဆိုင် ဖွင့်လှစ်ထားသူတွေထံက သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Car Body Sticker & Design ဆိုင်ပိုင်ရှင်တဦးက “တရက်ကို ကားအစီးရေ ၄၀ ကျော်လောက် ကပ်နေရတယ်။ ကားသမားတွေရဲ့ အခက်အခဲက သူတို့တန်ဖိုးထားတဲ့ကားတွေကို လက်ရာသေသပ်မှုက တပိုင်း၊ သုံးတဲ့စတစ်ကာရဲ့ အရည်အသွေးကတပိုင်း နောက် သူတို့စောင့်ရမယ့် အချိန်က တပိုင်းပါ။ အချိန် ၁ နာရီ ၂ နာရီဆိုတာက သူတို့အတွက် ရုန်းကန်စားသောက်နေရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့တွင်းရှိ ကားစတစ်ကာဆိုင်တွေမှာ စီးတီးတက္ကစီယာဥ်တစီး ဘေးနှစ်ဖက် အဝါရောင်လိုင်း စတစ်ကာကပ်ရာမှာ ကားရဲ့ အလျားအရှည်ပေါ် မူတည်ပြီး စျေးနှုန်း ကျပ် ၁၀,၀၀၀ မှ အမြင့်ဆုံး ၁၅,၀၀၀ ကျပ်နှုန်းအထိရှိကြောင်း သိရပါတယ်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ စီးတီးတက္ကစီယာဥ်တွေကို တခြားယာဥ်တွေနဲ့ ကွဲပြားစေဖို့အတွက် ယာဥ်ရဲ့ ဘေးနှစ်ဖက်မှာ အဝါရောင်လိုင်းတွေကို နိုဝင်ဘာ ၁ ရက်ကစပြီး တပ်ဆင်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။

စီးတီးတက္ကစီယာဥ်မောင်းတဦးက “သူတို့ဘက်က အခမဲ့ကပ်ပေးတယ်ဆိုပေမဲ့ တန်းစီပြီး စောင့်နေရတော့ အဆင်မပြေဘူးလေ။ နောက်ပြီး စတစ်ကာကပ်တာကလည်း မသေသပ်ဘူး။ နေရောင်မှာ ၂ ရက် ၃ ရက်လောက်ထိရင် ကာလာက အရောင်ဖျော့သွားရော။ နောက်ပြီး ကားလိုင်စင်ဝင်တာတို့ သက်တမ်းတိုးတာတို့အတွက်ရော ဒီစတစ်ကာကပ်ထားတဲ့အတိုင်း ဝင်လို့ရလား၊ ခွာပြီးမှ ဝင်ရမှာလားဆိုတာ သဲသဲကွဲကွဲလည်း မပြောထားဘူး” လို့ ပြောပါတယ်။

YRTC ရဲ့ သတ်မှတ်ချက်တွေကို ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေအားလုံး လိုက်နာရမှာဖြစ်ပြီး ပညာပေးကာလအဖြစ် ရက်ပေါင်း ၉၀ ပြည့်ပြီးပါက ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013