အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာရှိ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ ထိပ်တန်းတပ်မှူး အိုင်မန် နိုဖယ်လ် သေဆုံးသွားကြောင်း ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အဇ်အလ်ဒီးန် အလ်ကက်ဆမ် တပ်မဟာက အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုဖယ်လ်ရဲ့ တည်နေရာကို အမှန်တကယ် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ကြောင်း ပြသထားတဲ့ ဗီဒီယိုတခုကို အစ္စရေးစစ်တပ်က ဖြန့်ဝေထားပါတယ်။ အဲဒီဗီဒီယိုကို ရိုက်တာက သီးခြား အတည်မပြုနိုင်ပါဘူး။
အဇ်အလ်ဒီးန် အလ်ကက်ဆမ် တပ်မဟာရဲ့ အဆင့်မြင့် စစ်ကောင်စီအဖွဲ့ဝင် နိုဖယ်လ်ဟာ ဂါဇာ အလယ်ပိုင်းဒေသကို တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလေကြောင်းက တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ အလ် မက်ဂါဇီ ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းကို ထိမှန်ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီစာသင်ကျောင်းကို ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) က လည်ပတ်နေတာပါ။
ဒီတိုက်ခိုက်မှုဟာ ဒေါသထွက်စရာဖြစ်ပြီး အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သိသိသာသာ လျစ်လျူရှုထားတာဖြစ်ကြောင်း ကော်မရှင်နာချုပ် ဖိလစ်ပယ် လက်ဇ်ဇာရီနီက ပြောကြားလိုက်ပြီး ကုလအဆောက်အဦတွေသာမက ဂါဇာမှာ လုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိတော့ဘူးလို့လည်း သတိပေးခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။
Source/Photo-Reuters