DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ နျူကလီးယားအစီအစဉ်များကို စောင့်ကြည့်စစ်ဆေးရန် မြန်မာသံအမတ်ကြီး တိုက်တွန်း
DVB
·
October 18, 2023
မြန်မာစစ်တပ်၏ နျူကလီးယားအစီအစဉ်များကို စောင့်ကြည့်စစ်ဆေးရန် မြန်မာသံအမတ်ကြီး တိုက်တွန်း
Donate to DVB

မြန်မာစစ်တပ်ရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ သေချာ စောင့်ကြည့် စစ်ဆေးဖို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့မှာ အောက်တိုဘာ ၁၇ ရက်က ကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ရဲ့ “နျူကလီးယားလက်နက်များ” ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးက ပြောကြားခဲ့တာပါ။

မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်ဟာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ အကြံအစည်ရှိခဲ့ပြီး၊ လက်ရှိ စစ်တပ်ဟာလည်း အဆိုပါအကြံအစည်နဲ့ ပတ်သက်လို့ ထပ်မံ လှုံ့ဆော်ဆောင်ရွက်နေကြောင်းနဲ့  နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ သေချာ စောင့်ကြည့် စစ်ဆေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုန်အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် နျူကလီးယားလက်နက် ကင်းမဲ့ဇုန်တွေရဲ့ အရေးပါမှုကို သဘောတူတယ်လို့  မြန်မာသံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အလုံးစုံ ဖျက်သိမ်းရေးအပေါ် ထပ်လောင်းကတိပြုလိုကြောင်း၊ နျူကလီးယားလက်နက်တွေ ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ၂ဝ၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝလက်နက်ဖျက်သိမ်းရေးကို ရှေးရှုပြီး နှစ်စဉ်တင်သွင်းမြဲဖြစ်တဲ့ “Nuclear Disarmament” အဆိုမူကြမ်း တစ်ရပ်ကို တင်သွင်းထားပြီး ဖြစ်ကြောင်း၊ အဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ခံပံ့ပိုးမှု၊ ပူးတွဲအဆိုရှင်အဖြစ် ပါဝင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ အလွန်အမင်းဆိုးရွားနေပြီး၊ ထိခိုက်ခံစား နာကျင်ရမှုတွေအတွက် ဖော်ပြဖို့ စကားလုံးမရှိကြောင်း၊ စစ်တပ်ဟာ နိုင်ငံတွေက တင်သွင်းပေးပို့တဲ့ စစ်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး လူသားအရင်းအမြစ်အပေါ် ကျူးလွန်မှုတွေနဲ့ ရက်စက်သတ်ဖြတ်မှုတွေကို ပြုလုပ်နေကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် အပြည့်အဝလက်နက်ပိတ်ပင်တာဟာ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်သတ်ဖြတ်အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်မှာဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်တွေ ရောင်းချနေမှုကို ရပ်တန့်ပေးဖို့လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ နျူဓာတ်ပေါင်းဖိုဆောက်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အဦအတွက် လိုအပ်ချက်တွေ လေ့လာဆန်းစစ် ဖော်ထုတ်ရေးနဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးဆိုင်ရာ MOU သဘောတူညီမှု စာချုပ်သစ် ပြီးခဲ့တဲ့ သီတင်းပတ်က ချုပ်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီးလည်း စစ်ကောင်စီ လက်အောက်ခံဝန်ကြီးဌာနနဲ့  ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းတို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက MOU နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

Photo Credit- Myanmar misson UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013