DVB Logo
Home
မြန်မာသတင်း
ကျုံပျော် လဝကရုံး၌ မှတ်ပုံတင်ပြုလုပ်ရာတွင်ပေးရသည့် လာဘ်ငွေ ၂ ဆတိုးလာ  
DVB
·
October 18, 2023
ကျုံပျော် လဝကရုံး၌ မှတ်ပုံတင်ပြုလုပ်ရာတွင်ပေးရသည့် လာဘ်ငွေ ၂ ဆတိုးလာ  
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ မြို့နယ်လဝကဦးစီးမှူးရုံးမှာ ဒေသခံပြည်သူတွေ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ပြုလုပ်ရာမှာ ဝန်ထမ်းတွေကိုပေးရတဲ့ လာဘ်ငွေဟာ အရင်ကထက် နှစ်ဆပိုပေးနေရတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက"ဧရာဝတီတိုင်းမှာ မှတ်ပုံတင်လုပ်ရတာ အလွယ်ဆုံးက ကျုံပျော်လဝကရုံးပဲ။ ပိုက်ဆံပေးရင် အကုန်ရတယ်။ စင်ကာပူသွားမယ့် သူငယ်ချင်းတယောက် အသက်ငယ်နေလို့ ၅ နှစ်လောက်ကြီးတာ ခုနှစ်သောင်းပေးရတယ်။ အရင်ကသုံးသောင်း အခုတိုင်းကဆင်းပြီးစစ်တော့ စျေပိုကြီးသွားတာ။ ပိုက်ဆံက ရုံးထဲမှာပေးလို့မရဘူး။ အပြင်မှာ ပေးရတာ"လို့ ပြောပါတယ်။

မှတ်ပုံတင်ပျောက်သွားလို့ ကျုံပျော်မြို့နယ်လဝကရုံးမှာ မကြာသေးခင်က မှတ်ပုံတင်အသစ် ပြန်သွားလုပ်တဲ့ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာသားတဦးကလည်း ကျပ် ၇၅,၀၀၀ အထိပေးခဲ့ရတယ်လို့   ဒီဗွီဘီကို ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်သူတွေ များပြားလာတာနဲ့အမျှ လဝကဦးစီးမှူးရုံးရဲ့  မှတ်ပုံတင် သတ်မှတ်ကြေးတွေလည်း အရင်ကထက်နှစ်ဆတက်လာတယ်လို့ မြို့ပေါ်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ကျုံပျော်မှာ လူတယောက်ကို အနည်းဆုံး မှတ်ပုံတင်နှစ်ခုလောက်ရှိတယ်။ မှတ်ပုံတင်ကတော့ ဒီမှတ်ပုံတင်ပဲ။ ဒါပေမဲ့ မွေးသက္ကရာဇ်တော့မတူဘူး။ အိုစီမှာပြန်ကြည့်ရင်သိတယ်။ ဘာလို့မစစ်လဲဆိုတော့ ပေါင်းစားကြတာ မှတ်ပုံတင်တခုကို ဘာမှမပါဘဲ လုပ်လို့ရတာ ကျုံပျော်ပဲရှိတယ်။”

ကျုံပျော်မြို့နယ်လဝကရုံးမှာ မှတ်ပုံတင်အသစ်လျှောက်တာ၊ မွေးစာရင်းထည့်တာ သေစာရင်းဖျက်တာ၊ သန်းခေါင်စာရင်း ပုံစံ ၁၀ အဝင်အထွက်ပြုလုပ်ရာမှာ လာဘ်ငွေတောင်းခံမှုတွေများလို့  သြဂုတ်လအတွင်းက တိုင်ကြားခံရပြီးနောက် ရုံးအတွင်း CCTV ကင်မရာတွေ တပ်ဆင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက  ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရက CCTV ကင်မရာတွေတပ်ဆင်ခဲ့ပေမဲ့  လာဘ်စားမှုက ပျောက်မသွားတဲ့အပြင်  မှတ်ပုံတင်လုပ်ရာမှာ အရင်ကထက်ငွေကြေးပိုပေးနေရတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

"အတိုင်ခံရတာရယ်၊ မီဒီယာမှာပါတယ်ဆိုပြီး တိုင်းကဆင်းစစ်တာ။ စစ်ပြီးတော့ ဝန်ထမ်းတွေကို မှတ်တမ်းယူမယ်ပေါ့ ။ CCTV တွေ ရုံးထဲမှာတပ်တယ်။ အဲ့ကျမှ ပိုပြီးပေးရတယ်။”

မှတ်ပုံတင်ပြုလုပ်လိုသူတွေအနေနဲ့ သန်းခေါင်စာရင်းရှိမှရမှာဖြစ်ပေမဲ့ ကျုံပျော်လဝကရုံးမှာတော့ ဘာမှမလိုဘဲ ငွေကြေးရှိပါက နာမည်ပြောရုံနဲ့ မှတ်ပုံတင်ပြုလုပ်နိုင်တယ်လို့ မြဝတီရပ်ကွက်နေသူတဦးက ပြောပါတယ်။

"လူတယောက်မှတ်ပုံတင်လုပ်မယ်ဆိုရင် သန်းခေါင်စာရင်းရှိမှရမှာ။ ကျုံပျော်မှာ အဲ့ဒါတွေမလိုဘူး နာမည်ပြောရုံနဲ့ လုပ်လို့ရတယ်ဆိုတာ အရင်ဆုံးပုံစံ ၁၀ အထွက်ကို အရင်လုပ်တာ။ ဧရာဝတီတိုင်းက နာဂစ်ဖြစ်ခဲ့တော့ နာဂစ်ဖြစ်တုန်းက စာရွက်စာတမ်းတွေပျောက်သွားလို့ မှန် ကန်ကြောင်းနဲ့ ပုံစံ ၁၀ အထွက်ပေး ကျုံပျော်မှာ ပုံစံ၁၀ ပြန်ဝင် မှတ်ပုံတင်လုပ် မြို့နယ်ချင်းချိတ်ပြီးလုပ်တာ  စျေးကြီးတယ် သိန်း ဆယ်နဲ့ချီပေးရတယ်။”

ရုံးအတွင်း CCTV တွေတပ်ဆင်ပြီးနောက် မှတ်ပုံတင်လုပ်ရာမှာ ငွေကြေးကို ရုံးပြင်ပမှာပေးရပြီး တချို့ကတော့ စာရွက်ကြားမှာ ညှပ်ပေးရတယ်လို့ မှတ်ပုံတင်သွားရောက်လုပ်ကိုင်သူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံတဝန်း ဌာနဆိုင်ရာရုံးတွေ အထူးသဖြင့် လဝကရုံးတွေနဲ့ စည်ပင်သာယာရုံးတွေဟာ လာဘ်ပေးလာဘ်ယူမှုတွေပြုလုပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရုံးတွေဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လာဘ်စားမှု အခြေအနေတွေ ပိုမိုဆိုးရွားလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013