DVB Logo
Home
Lead Story
ရုရှားအတွက် စစ်တိုက်ပေးမယ့် ကျူးဘားလူမျိုးတွေကို ဘယ်လို စုဆောင်းခဲ့သလဲ
DVB
·
October 17, 2023
ရုရှားအတွက် စစ်တိုက်ပေးမယ့် ကျူးဘားလူမျိုးတွေကို ဘယ်လို စုဆောင်းခဲ့သလဲ
Donate to DVB

ရုရှားအတွက် တိုက်ပွဲဝင်ပေးမယ့် ကျူးဘားလူမျိုးတွေကို ဘယ်လို စုဆောင်းခဲ့လဲ။ ဘာကြောင့် ကျူးဘားတွေက ဒီစစ်သားစုဆောင်းရေးထဲကို ပါဝင်ခဲ့ကြရတာလဲ ဆိုတာကို လေ့လာကြည့်ကြ ရအောင်ပါ။

အထည်ချုပ်လုပ်ငန်း လုပ်ကိုင်တဲ့ ကျူးဘားနိုင်ငံသူ ရမ်မီဒီလီစာဗန်တီးစ်ဟာ နှစ်ပေါင်းများစွာ အတွင်းမှာ အပ်ချုပ်စက်အသစ်၊ ရေခဲသေတ္တာနဲ့ ဖုန်းတလုံးတို့ကို ရုရှားနိုင်ငံမှာ ရောက်နေစဉ်အတွင်း ပထမဆုံးအကြိမ် ဝယ်ယူခဲ့ပါတယ်။

ငွေကြေးအကျပ်အတည်းကြားမှာ ရုန်းကန်နေရတဲ့ အုတ်ဖုတ်သမားတဦးဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် သူ့ရဲ့ခင်ပွန်းဟာ ယူကရိန်းမှာရှိတဲ့ ရုရှားစစ်တပ်အတွက် စစ်ဝင်တိုက်ပေးဖို့အတွက် ဇူလိုင်လ ၁၉ ရက်နေ့မှာ လာဖက်ဒရယ်မြို့ငယ်လေးမှာရှိတဲ့ သူတို့နေအိမ်ကနေ ထွက်သွားတဲ့ အကြောင်းကို စာဗန်တီးစ်က ပြောပြနေပါတယ်။

“ဒီလိုဖြစ်အောင် တွန်းအားပေးနေတဲ့ လိုအပ်ချက်တွေကို ပြောချင်တယ်။ တကယ်လို့သာ ကျမတို့က ဒီလောက်မလိုအပ်ဘူးဆိုရင် ယောကျ်ားတွေ စစ်တိုက်ဖို့သွားကြမှာ မဟုတ်ဘူး ဆိုတာ သေချာတယ်။ ဒါကြောင့် ကိုယ်တိုင်အလုပ်လုပ်ပါ၊ အလုပ်လုပ်ကြပါ။ ကျမအမျိုးသားက ဘာအကူအညီမှမရဘဲ တယောက်တည်း အလုပ်လုပ်နေရတာ။ သူတယောက်တည်း အုတ်ဖုတ်နေရတယ်လို့ သူပြောဖူးတယ်။ ကျမအတွက် ပေးဖို့နဲ့ တခြားသူတွေကို ကူညီဖို့ သူ အလုပ်တအားလုပ်နေတာ။ တရက်က သူပြောတယ်၊ မစိုးရိမ်နဲ့၊ ငါဘာလုပ်ရမယ်ဆိုတာ ငါသိတယ်လို့ သူပြောတယ်။”

ရက်တချို့ကြာပြီးတဲ့နောက်မှာ တပ်ထဲဝင်ဖို့ သဘောတူ လက်မှတ်ထိုးတဲ့အတွက် ရတဲ့အပိုငွေကြေးထဲက ရုရှားရူဘယ်ငွေ နှစ်သိန်း (ဒေါ်လာ ၂,၀၄၀) ကို သူ့ဆီပို့ပေးခဲ့တာကို ကျူးဘားပီဆို ငွေသားနဲ့ လက်ခံရရှိခဲ့ပါတယ်။

အဲဒီငွေကြေးပမာဏဟာ ကျူးဘားအစိုးရ သတ်မှတ်ထားတဲ့ လစဉ်ပျမ်းမျှလစာငွေဖြစ်တဲ့ ၄,၂၀၉ ပီဆို (တရားမဝင်ဈေးကွက်ပေါက်ဈေး ၁၇၄ ဒေါ်လာ) ထက် အဆ ၁၀၀ ပိုများတယ်လို့ အမျိုးသားစာရင်းအင်းရုံးက ဆိုပါတယ်။

ကရင်မလင်အစိုးရနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့က ကျူးဘားလူမျိုးတွေကို သူတို့စစ်တပ်အတွက် စုဆောင်းနေတာနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေကို တုံ့ပြန်ခြင်း မရှိပါဘူး။ အလားတူ မေးမြန်းချက်တွေကို ကျူးဘားအစိုးရကလည်း ဖြေကြားခြင်းမရှိပါဘူး။

ရုရှားကိုသွားဖို့ စုဆောင်းခြင်းခံရသူရဲ့ဖခင် ရော်ဘာတိုဆဘိုရစ်က “သား ဘယ်နေ့က ထွက်သွားတယ်ဆိုတာ ကျနော်သိတယ်။ ဘယ်လိုစုတယ် ဆောင်းတယ် ဆိုတာတော့ မသိဘူး။ သားက တခါမှ ပြန်မပြောပြဖူးဘူး။ သူ လေဆိပ်ကို ရောက်နေပြီဆိုတော့ ကျနော်သိလိုက်ပြီ။ သူ ကျနော့်ကို ဖုန်းဆက်ပြီးပြောတယ်” လို့ ပြောပါတယ်။

ရုရှားစစ်တပ်ဆီမှာ အဆုံးသတ်သွားတဲ့ ကျူးဘားလူမျိုးတွေရဲ့သတင်းက ဒီလ သတင်းခေါင်းကြီးပိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဖြစ်ပုံကတော့ ရုရှားရဲ့ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ ကျူးဘားအစိုးရက ရုရှားအတွက် တိုက်ခိုက်ပေးဖို့ သွေးဆောင်တဲ့ လူကုန်ကူးမှုနဲ့ ဆက်စပ်နေသူ ၁၇ ယောက်ကို ဖမ်းဆီးမိခဲ့တာပါ။ လူကုန်ကူးမှုစွဲချက်နဲ့ ဖမ်းဆီးခံရသူတွေ ဘယ်သူတွေလဲ၊ ဘယ်အချိန်တုန်းက ဖမ်းဆီးခံရတယ် ဆိုတာတော့ အတိအကျ ဖော်ပြမထားပါဘူး။

ရုရှားတပ်ဖွဲ့က လူသစ်စုဆောင်းခံရတဲ့ ကျူးဘားအမျိုးသား အင်းနရစ်ဂွန်ဇာလက်ဇ်က “ကျနော် အဲဒီကိုရောက်သွားတော့ စာချုပ်က အစစ်အမှန်ဆိုတာ သိလိုက်တယ်။ ရုရှားတွေက ကျနော့်ကို ဒီနေရာကို ခေါ်လာတာ။ သူတို့ ဘာကြောင့် ဒီကိုလာကြတယ်ဆိုတာကို လူတိုင်းက ကိုယ့်ဘာသာကိုယ် သိကြပါတယ်။ ဒါ သေချာပါတယ်၊ အားလုံးက စစ်တိုက်ဖို့ လာကြတာပါ။ ဒါကို လူတိုင်းသိပါတယ်” လို့ ပြောပါတယ်။

သူ့နာမည်ကို ဒါယနာလို့ ပေးထားတဲ့ လူမှုကွန်ရက်ပေါ်က လူသစ်စုဆောင်းသူတယောက်နဲ့ ချိတ်ဆက်မိကြပြီး သူတို့သဘောဆန္ဒအလျောက် ရုရှားစစ်တပ်အတွက် အလုပ်လုပ်ပေးဖို့ ရုရှားကို သွားကြတယ်လို့ ရိုက်တာသတင်းဌာနက စုံစမ်းသိရှိရပါတယ်။

လာဖက်ဒရယ်မြို့လေးမှာဆိုရင် စုဆောင်းခံရသူ ၉ ယောက်စလုံးက စစ်တိုက်ဖို့ စာရင်းပေးကြတာပါ။ ဟာဗားနားမြို့တော် ဆင်ခြေဖုံးက အလာမာရပ်ကွက်နေ အမျိုးသားငါးဦးကတော့ စစ်တိုက်တဲ့ အလုပ်မဟုတ်တဲ့ ဆောက်လုပ်ရေး၊ ထုပ်ပိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ လုပ်ဆောင်ဖို့ စာရင်းသွင်းကြတာ ဖြစ်ပါတယ်။

သမ္မတ ဗလာဒီမာပူတင်ရဲ့ နှစ်ရှည်စာချုပ်နဲ့ စစ်မှုထမ်းဆောင်တဲ့ နိုင်ငံခြားသားတွေဟာ သူတို့ အိမ်ထောင်ဘက်၊ သားသမီးတွေ၊ သူတို့မိဘတွေနဲ့အတူ ရုရှားနိုင်ငံသား ခံယူရာမှာ မြန်ဆန်တဲ့ လုပ်ငန်းစဉ်တွေနဲ့ လက်ခံခွင့် ပြုထားပါတယ်လို့ မေလမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့် ထုတ်ပြန်ပြီးတဲ့နောက် ရက်သတ္တပတ်တွေအကြာမှာ ကျူးဘား လူသစ်စုဆောင်းရေး လှုပ်ရှားမှုကို စတင်ခဲ့တာလို့ ရိုက်တာသတင်းဌာနက စုံစမ်းသိရှိပါတယ်။

နောက်ရက်အနည်းငယ်အကြာမှာပဲ မော်စကိုမှာရှိတဲ့ ကျူးဘားသံအမတ်က ကျူးဘားနိုင်ငံသားတွေ အနေနဲ့ ရုရှားကလုပ်နေတဲ့ အထူးစစ်ဆင်ရေးမှာ တရားဝင် စာချုပ် ချုပ်ပြီး ပါဝင်တယ်ဆိုရင် ကန့်ကွက်စရာအကြောင်း မရှိဘူးလို့ ပြောပါတယ်။

နောက် နာရီပိုင်းအကြာမှာပဲ ကျူးဘားအစိုးရက သူ့သံအမတ်ရဲ့ ပြောကြားချက်ကို ဆန့်ကျင်ပြီး ကျူးဘားလူမျိုးတွေဟာ ကြေးစားစစ်သားအနေနဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုဖို့ တားမြစ်ထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013