
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ စောမူတူးစေးဖိုးတို့ အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားလာတက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာ ၁၆ ရက်က သီးခြားစီ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်မှာတွေ့ဆုံခဲ့ရာမှာ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို လိုလားတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်အဖြစ် ဦးစီး ဆောင်ရွက်ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်နေမှု၊ တိုင်းရင်းသားပြည်သူတွေရဲ့ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်နေမှု၊ ကရင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း မနေ့မနက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သီးခြားတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ အခုနှစ် စမ်းသပ် သန်းခေါင်စာရင်းကောက်ယူနေမှုနဲ့ လာမယ့်နှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌတာဝန်ကနေ ရုပ်သိမ်းခံထားရတဲ့ ဦးမျိုးဝင်းတို့နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ NCA နဲ့ ပတ်သက်လို့ တချို့အဖွဲ့အစည်းတွေက ပျက်ပြယ်ပြီလို့ ထုတ်ပြန်နေပေမဲ့ NCA စာချုပ်မှာပျက်ပြယ်မှုမရှိဘဲ တည်တံ့ခိုင်မြဲနေဆဲဖြစ်ကြောင်း၊ NCA လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် ရှေ့ဆက် ဆောင်ရွက်သင့်ဖို့ အကြံပြုချက်တွေ၊ NCAမှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA မှာ ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်တဲ့ အခြေအနေတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုတက်ရေးနဲ့ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်ကလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှေ့သို့ချီမည်ပန်းတိုင်ဆီ (Keep Moving Forward To Achieve Our Goal) ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ နေပြည်တော်မှာ ငြိမ်းချမ်းရေးပွဲ ကျင်းပပြီး ငြိမ်းချမ်းရေးအကြောင်းတွေ ပြောနေပေမဲ့ တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံတဝန်းမှာ နေ့စဉ် ဖမ်းဆီးသတ်ဖြတ်၊ လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Photo-DSINFO










