DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၄,၁၅၀ ခန့်ထိ မြင့်တက်လာ
DVB
·
October 16, 2023
စစ်တပ် သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၄,၁၅၀ ခန့်ထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၄၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၃၀၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၄၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၇၆၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၆၅၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း အရပ်သားပြည်သူတွေ နေထိုင်ရာ အရပ်ဒေသတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦနဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တာ ကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက လုံဂျုံယန်ကျေးရွာ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက အုန်းတောတောင်စုကျေးရွာ၊ ရေစကြိုမြို့နယ်ထဲက ကျွဲကုန်းကျေးရွာ၊ ကျွန်းညိုကျေးရွာနဲ့ နန်းဦးကျွန်းကလေးကျေးရွာ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စက္ကန့်ကျေးရွာနဲ့ ရှားတောကျေးရွာ၊ မြောင်မြို့နယ်ထဲက ခေါင်းခွဲကျေးရွာ၊ ဝက်ကျကျေးရွာ၊ နှောပင်ကျေးရွာနဲ့ ကန့်ဘလူမြို့နယ်ထဲက ပေကြီးကျေးရွာ၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက ပုဇွန်မြောင်းကျေးရွာ၊ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တွေ အပါအဝင် နိုင်ငံတဝန်း စစ်ကြောင်းထိုးရာ အရပ်ဒေသတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း နေအိမ်အလုံး ၂၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာဆီ တိမ်းရှောင်ထွက်ပြေးရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013