DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၊ ကျိုက်ထိုနှင့် ရေးတွင် စစ်သားများ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၇ ဦးသေ
DVB
·
October 15, 2023
တနင်္သာရီ၊ ကျိုက်ထိုနှင့် ရေးတွင် စစ်သားများ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၇ ဦးသေ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ မွန်ပြည်နယ်၊ ရေးနဲ့ ကျိုက်ထိုမြို့တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ အနည်းဆုံး ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

တနင်္သာရီမြို့မှာ အောက်တိုဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က ဗိုလ်ချုပ်ကြေးရုပ်နားမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်း ၁ ခုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့လို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ၁ဝ နာရီ ခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ပြန်လည် ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၂ ရဲ့တာဝန်ခံတယောက်က “တနင်္သာရီ ကြေးရုပ်အနီးက ဂိတ်ကို ပစ်တာပါ။ စကစအင်အားက  ၁၀ ကျော်လောက်ပါပဲ။ ပစ်တဲ့အချိန်တုန်းကတော့  စစ်သား ၃ဝ လောက်ရှိတဲ့ ကား ၁ စီးတော့ ပစ်ကွင်းထဲရှိနေပါတယ်။ ပစ္စည်းတင်တဲ့ အရပ်သုံးကားလိုမျိုးပါ” လို့ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဂိတ်က ထိခိုက်သေဆုံးသူ ၃ ယောက် ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က မထိခိုက်ဘူးလို့ဆိုပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

နှစ်ဖက်ထိတွေ့မှုဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ ခမရ ၅၅၇ နဲ့ ခမရ ၅၅၈ တပ်ရင်းတွေကနေ ၈၁ မမ အမျိုးအစားလက်နက်ကြီးတွေနဲ့  တနင်္သာရီမြို့နားက ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း -၂၊ တပ်ခွဲ ၁၊ ၂ နဲ့ တနင်္သာရီ ပကဖတွေဖြစ်တဲ့ တောင်ပံနီ၊ တနင်္သာရီရိုးမ ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန လက်အောက်ခံ(Dragon Squad) ဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း အဲဒီ ခမရ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့  ကျေးရွာတွေဘက်ကို တနေကုန် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လယ်တောင်ယာရွာနဲ့ သမုတ်ချုံးရွာက ကလေးငယ်အပါအဝင် ဒေသခံ ၃ ယောက် လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့လည်းသိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးလေးလမ်းခွဲကို နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၁၃ ရက်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ဘက်က ၈ ယောက်ဒဏ်ရာရကာ ၂ ယောက်က ဒဏ်ရာပြင်းထန်ပေမဲ့ မစိုးရိမ်ရဘူးလို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာပဲ ရေးမြို့နယ်အခြေစိုက်  အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို ဒေါနစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းဆီကနေသိရပါတယ်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ထပ်တိုးစုဝေးတယ်ဆိုတဲ့ သတင်းရတာကြောင့် ဒေါနစစ်ကြောင်းနဲ့ ရေးပြောက်ကျားတပ်ဖွဲ့ YGF၊ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေအရ  ပစ်မှတ်တည့်တည့်ကျရောက်ပြီး ၅ ယောက်ဒဏ်ရာရတယ်လို့ ဒေါနစစ်ကြောင်းတာဝန်ခံက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013