
အစ္စလာမ္မစ် ဟားမက်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက ပါလက်စတိုင်းတွေဟာ ဂါဇာဒေသ ဒါမှမဟုတ် အနောက်ဘက်ကမ်းမှ စွန့်ခွာမှာ မဟုတ်သလို အီဂျစ်နိုင်ငံကိုလည်း ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက်က ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းအတွင်း အစ္စမေးလ် ဟာနီယေအနေနဲ့ ပြောကြားသွားတာပါ။
လွန်ခဲ့တဲ့တပတ်မှာ ဟားမက်စ် တိုက်ခိုက်ရေးသမားတွေက သူတို့ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို စွန့်ခွာပြီး အစ္စရေးစစ်သားတွေနဲ့ အရပ်သားပြည်သူတွေအပေါ် လျှပ်တပြက်တိုက်ခိုက်မှု ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အစ္စရေးနိုင်ငံက လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာဒေသကို အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဂါဇာမြောက်ပိုင်းက ခန့်မှန်းခြေလူပေါင်း ၁ သန်းကျော်ကိုပါ မြေပြင်ထိုးစစ်ဆင်မှု စတင် တော့မှာ ဖြစ်တာကြောင့် နေရပ်စွန့်ခွာကြပါဆိုပြီး အစ္စရေးအနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့မှာ ခြိမ်းခြောက် ထားပါတယ်။
ဂါဇာကမ်းမြှောင်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အီဂျစ်နိုင်ငံကလည်း အစ္စရေးရဲ့ ဝန်းရံပိတ်ဆို့မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေအတွက် စစ်ဘေးရှောင်ရမယ့် ဖြစ်နိုင်ချေအပေါ်မှာ စိုးရိမ်မှု ရှိတယ်လို့ ဆိုပါတယ်။
စစ်ပွဲအရှိန် မြင့်တက်လာသည့်တိုင် ပါလက်စတိုင်းပြည်သူတွေဟာ သူတို့ရဲ့ မြေပေါ်မှာသာ ဆက်ရှိနေသင့်တယ်ဆိုပြီး တခြားအာရပ်နိုင်ငံတွေလိုမျိုး အီဂျစ်ဘက်က သဘောထားမှတ်ချက် ပေးပါတယ်။
ဂါဇာကမ်းမြှောင် အတွင်းပိုင်းအထိ အကူအညီတွေ ပေးပို့နိုင်ဖို့လည်း ကြိုးပမ်းနေကြောင်း အတည်ပြုပါတယ်။
Source/Photo-Reuters










