DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် မိုးခေါင်၍ ရွာပေါင်း ၁၀၀ နီးပါး တောင်ယာ စပါးများပျက်စီး
DVB
·
August 9, 2014
ချင်းပြည်နယ်တွင် မိုးခေါင်၍ ရွာပေါင်း ၁၀၀ နီးပါး တောင်ယာ စပါးများပျက်စီး
Donate to DVB

မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးများလို့ ရေကြီးနေချိန်မှာ ချင်းပြည်နယ် ထန်တလန် မြို့နယ်မှာတော့ မိုးခေါင်လို့ ရွာပေါင်း ၉၀ ကျော်က ရွာသားပိုင် ရွှေ့ပြောင်းတောင်ယာတွေ ပျက်စီးနေပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်က ဒွန်းရွာ၊ လုံသိန်းရွာ၊ ပိုင်ကပ်ရွာ၊ ဘုံကျန်းရွာ၊ ဆန်ထဲန်းရွာ၊ ငါဖိုင်ကြီး၊ ငါဖိုင်သေး အစရှိသဖြင့် တမြို့နယ်လုံးနီးပါး ရွာပေါင်း ၉၀ ကျော်မှာ ပြောင်းခင်းတွေ၊ ရွေ့ပြောင်း တောင်ယာစပါးခင်းတွေနဲ့ လယ်ကွင်းထဲက စပါးတွေပါ ရေမရလို့ ချောက်သွေ့ ပျက်စီးစပြုနေပြီလို့ ထန်တလန်က ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ပြည်နယ်လွှတ်တော် အမတ် ဦးလိုင်မောင်းကျူံး က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_56614" align="alignright" width="600"]ချင်းပြည်နယ်ရှိ လှေကားထစ် စိုက်ခင်းအား မြင်တွေ့ရစဉ် ချင်းပြည်နယ်ရှိ လှေကားထစ် စိုက်ခင်းအား မြင်တွေ့ရစဉ်[/caption]“ရွှေ့ပြောင်းတောင်ယာစနစ် ကျနော်တို့မှာ ကျင့်သုံးနေတာ။ ကျနော်တို့ ဧပြီလမှာ စိုက်ကြတာ နောက်လယ်က ဇွန်လမှာ ထွန်ပြီးမှ အကုန်လုံး ပျိုးပင်စပါးပင်တွေ စိုက်ပြီးနေပြီ။ အခုက မိုးခေါင်ပြီး မရွာတော့ သီးနှံတွေက ပျက်စီးစပြုနေပြီ။ တချို့ဆို တောင်ယာစပါးတွေ ပျက်စီးနေပြီ။ မိုးက လုံးဝမရွာဘူး။ တခါလောက်ပဲရွာပြီး လုံးဝမရွာတော့ဘူး။ ဒီနေ့ဆိုလည်း နေတအားပူတယ်။”

ပြီးခဲ့တဲ့ နှစ်တွေမှာ မိုးရေမလုံလောက်ရင် လာဗားချောင်းနဲ့ ပူပါးရ်ချောင်းရေတွေ သွယ်ယူ အသုံးပြုပေမယ့် ဒီနှစ်မှာတော့ အဲဒီချောင်းရေလည်း ရေခမ်းနေပြီး အခုလို စပါးပင်တွေ ပျက်စီးတဲ့အတွက် လူဦးရေ ထောင်နဲ့ချီတဲ့ ချင်းရွာသားတွေ စားနပ်ရိက္ခာ ပြဿ နာနဲ့ ကြုံရမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြတာပါ။

ဒီအခက်အခဲနဲ့ ပတ်သက်ပြီး ရွာသားတွေက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြထားပေမယ့် အထက်က ဘာအကူအညီမှ ရောက်မလာသေး တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တော့ စာရင်းဇယား အချက်အလက်တွေ စုဆောင်းပြီးရင် ချင်းပြည်နယ်အစိုးရနဲ့ လွှတ်တော်ဆီကို စာတင်မယ်လို့ ဦးလိုင်မောင်းကျုံးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဖလမ်း၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ်တွေဘက်မှာလည်း မိုးခေါင်လို့ စပါး ပင်ပျက်စီးကြောင်း သတင်းတွေထွက်နေပေမယ့် ဒီဗွီက ဒေသခံတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။

ခေါ်နုမ်းထုန်ချင်းသတင်းစဉ်မှာတော့ ဖလမ်းမြို့နယ်အတွင်း ရွာပေါင်း ၁၆ ရွာက ယာခင်းတွေဟာ မိုးနည်းမှုကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးနေတယ်လို့ ဒေသခံတွေရဲ့အပြောကို ကိုးကားပြီး ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013