DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာကို ဆက်လက်ဗုံးကြဲတိုက်ခိုက်၊ ပြင်းထန်သည့်ထိုးစစ်အတွက် ပြင်ဆင်
DVB
·
October 15, 2023
အစ္စရေးက ဂါဇာကို ဆက်လက်ဗုံးကြဲတိုက်ခိုက်၊ ပြင်းထန်သည့်ထိုးစစ်အတွက် ပြင်ဆင်
Donate to DVB

အစ္စရေးစစ်တပ်က ဟားမတ်စ်ကို ဗုံးကြဲမှုတွေဆက်လုပ်နေသလို လက်ရှိ ဆင်နွှဲနေတဲ့ စစ်ပွဲရဲ့ နောက်ထပ်အဆင့်တွေအတွက် ပြင်ဆင်နေပြီး၊ ဝေဟင်၊ ရေကြောင်းနဲ့ ပြင်းထန်တဲ့ မြေပြင်စစ်ဆင်ရေးတွေပါတဲ့ ထိုးစစ်နဲ့ ဟားမတ်စ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောလိုက်ပါတယ်။

အရန်တပ်သား ထောင်သောင်းချီ ပါဝင်ပြီး ကျယ်ပြန့်တဲ့ စစ်ဆင်ရေး ထိုးစစ် အစီအစဉ်တွေကို လွှမ်းခြုံနိုင်လိမ့်မယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

ပေါင်းစပ်ညှိနှိုင်း တိုက်ခိုက်မှုတွေအပြင် အစ္စရေးမြေပြင်တပ်ဖွဲ့တွေနဲ့  စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ခေါင်းဆောင်တွေဟာ “တိုးချဲ့တိုက်ခိုက်ရေး နယ်ပယ်တစ်ခုအတွက် IDF တပ်ဖွဲ့ဝင်တွေကို ပြင်ဆင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေဟာ မကြာသေးမီ ရက်ပိုင်းအတွင်းက တိုက်ပွဲအတွက် လိုအပ်တဲ့ ကိရိယာတွေကို လက်ခံရရှိခဲ့တယ်လို့လည်း စစ်တပ်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ အောက်တိုဘာ ၁၄ ရက်က နယ်စပ်ရှေ့တန်းမှာရှိတဲ့ တပ်တွေဆီကို ရောက်လာပြီး အသင့်ဖြစ်ပြီလား နောက်တဆင့် လာတော့မယ်လို့ မေးခဲ့တာကို ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ နေတန်ယာဟုက သူ့အရေးပေါ် အစိုးရအဖွဲ့က  လုံခြုံရေးဝန်ကြီးတွေနဲ့ ဆွေးနွေး ခဲ့ပါတယ်။

သီတင်းတပတ်ကြာ ပဋိပက္ခအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူဦးရေ ၂,၂၁၅ ဦးအထိ မြင့်တက်လာပြီး ၈,၇၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးဘက်မှာတော့ သေဆုံးသူဦးရေ ၁၃၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၃,၃၆၀ ကျော်ရှိတယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့က ဖမ်းခေါ်သွားတဲ့ ဒါဇင်နဲ့ချီတဲ့ ဓားစာခံ တချို့ရဲ့ ရုပ်အလောင်းတွေကိုတွေ့ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပထမဆုံး အကြိမ် ပြောခဲ့ပါတယ်။

အစ္စရေးက ဂါဇာမြောက်ပိုင်းကို တစ်ပတ်ကြာအောင် လေကြောင်း တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး ဟားမတ်စ်တပ်မှူးတွေအပေါ် မြေပြင်ထိုးစစ်မစမီ ပါလက်စတိုင်းတွေ နယ်မြေကနေ ရှောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့ ထိန်းချုပ်ထားရာ ဂါဇာကမ်းမြောင်ကို  အောက်တိုဘာ ၁၄ ရက်မနက်ပိုင်းမှာ ၈ ရက်မြောက်အဖြစ် ဆက်လက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်းပြည်သူ ၁ သန်း ကျော်ကို စွန့်ခွာထွက်ပြေးဖို့အတွက် အစ္စရေးအနေနဲ့ သတ်မှတ်ချိန် ပေးထားကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံရဲ့  မြေပြင်ထိုးစစ် မစတင်ခင် ၂၄ နာရီအတွင်း ဂါဇာတောင်ပိုင်းအထိ ထွက်ပြေးကြဖို့အတွက် အောက်တိုဘာလ ၁၃ ရက်မှာ ဒေသခံတွေကို သတိပေးခဲ့တာပါ။

အစ္စရေးရဲ့ အမိန့်အတိုင်း ခန့်မှန်းခြေသောင်းနဲ့ချီတဲ့ ပါလက်စတိုင်း ပြည်သူတွေက တောင်ပိုင်းကို ဦးတည်ပြီး ထွက်ခွာလာခဲ့ကြတယ်လို့ ကုလသမဂ္ဂအအနေနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမိန့်ညွှန်ကြားချက် မထုတ်ပြန်ခင်ကတည်းက စစ်မက်ဖြစ်ပွားနေမှုကြောင့် ပါလက်စတိုင်း ၄ သိန်းကျော်ဟာ ပြည်တွင်းမှာတင် စစ်ဘေးရှောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်ကတော့ ဒေသခံတွေကို ဆက်လက်နေထိုင်ကြဖို့ ပြောကြားခဲ့သလို နောက်ဆုံးသွေးတစက်အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အစ္စလာမ္မစ်လှုပ်ရှားမှုဆိုင်ရာ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းပစ်မယ်ဆိုပြီး ကြေညာထားပါတယ်။

အစ္စရေးက ဂါဇာကို ပိတ်ဆို့ထားလို့ ရိက္ခာ၊ ရေ၊ လောင်စာနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ နည်းသွားတဲ့အတွက် ဖြစ်လာမယ့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို အကူအညီပေးရေး အေဂျင်စီတွေက သတိပေး နေပါတယ်။

သံတမန် ရေးရာ မျက်နှာစာမှာ ဆော်ဒီအာရေဗျက ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ ဖိအားပေးခဲ့ပြီး၊ တည်ငြိမ်ရေးအတွက် တရုတ်က သူ့ရဲ့ ဒေသတွင်းသြဇာကို သုံးဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013