
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ လောက် သေဆုံးသလို PDF ရဲဘော်တယောက်လည်း ကျဆုံးခဲ့ပြီး ဖမ်းဆီးမိထားတဲ့ ရဲ ၂ ယောက်မှာ ၁ ယောက်သေဆုံး၊ ၁ ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းဒေသ ပေါက်အူကျေးရွာကို ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား ၈၀ လောက်ကို အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်လို့ မြင်းခြံ ကျားနက်တပ်ဖွဲ့-MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထက်ဝက်လောက်ထိခိုက်သေဆုံးနိုင်ပြီး ဖရိုဖရဲဖြစ် ပြန်ဆုတ်သွားကြပေမဲ့ အောက်တိုဘာ ၁၃ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ အင်အားထပ်ဖြည့်ပြီး နောက်တကြိမ် ထိုးစစ်ဆင်လာလို့ လှေခုတ်ကျေးရွာနားမှာ မွန်းလွဲ ၃ နာရီခွဲအချိန်ထိ တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။
၂ ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၄၀ လောက်သေဆုံးခဲ့ပြီး MBT တပ်ဖွဲ့က ရဲဘော် ဇွဲမြင့်မြတ်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးတော့ ည ၁၂ နာရီထိုးလောက်မှာ စစ်ကောင်စီတပ်သား အလောင်းတွေရော၊ ဒဏ်ရာရတဲ့သူတွေကိုရော ဖောကားတစီး၊ လူနာတင်ကားတစီးနဲ့ ပတ်တာ ဆိပ်ကမ်းဘက်ကနေတဆင့် မြင်းခြံဘက်ကို သယ်သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့၊ PPGF၊ TLK ပြောက်ကျားတပ်ဖွဲ့၊ LY PDF၊ ဗိုလ်ခြောက်ဆယ်အဖွဲ့၊ BSG အဖွဲ့၊ Royal Eagle PDF၊ နဂါးညီနောင်တပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ UURF(ရေစကြို)၊ ရွှေညာမြေအထူးကွန်မန်ဒိုအဖွဲ့နဲ့ ညီနောင် မဟာမိတ် အင်အားစုတွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို ဆိုပါတယ်။
ဒါ့အပြင် ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၁၄ ရက် ဒီနေ့ ညနေက ရဲတပ်ကြပ် ၁ ယောက်အပါအဝင် ရဲ ၂ ယောက်ကို ရေစကြိုမြို့နယ် ပကဖက ဖမ်းဆီးခဲ့ပြီး ပြန်လည်ခုခံလို့ ပစ်ခတ်ရာမှာ ရဲတပ်ကြပ်သေဆုံးပြီး နောက်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းက ထွက်လာတဲ့ ရဲတပ်ကြပ်နိုင်လင်းနဲ့ တပ်သား တယောက်ကို ဒီနေ့ ညနေပိုင်းမှာ အတွင်းသတင်းပေးတွေရဲ့ သတင်းပေးချက်အရ ပခန်းကြီးကျောင်းတော်ကြီးနားက ဘီယာဆိုင်ကအထွက်မှာ အရှင်ဖမ်းမိခဲ့ပေမဲ့ အဲဒီရဲ ၂ ယောက်ဟာ ပကဖရဲဘော်တွေကို ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရာ ရဲတပ်ကြပ် နိုင်လင်း အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ ရဲတပ်သားတယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်ဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
အဲဒီရဲတွေဆီကနေ ဆိုင်ကယ်တစီး၊ ဖုန်းတလုံး၊ ဓားတချောင်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ ညကလည်း ရေစကြိုမြို့မရဲစခန်းက စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ အနီးကပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြို မြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးတဲ့ အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်း ၂ ခုကြားပိတ်မိနေတဲ့ ဒေသခံတွေကို တော်လှန်ရေးအဖွဲ့တွေက ဘေးလွတ်ရာ ကြိုးစားကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက် မနက်က နတ်အင်းပျူရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနဲ့ ငှက်ပျောတိုင်း လျှပ်စစ်ရုံးကထွက်လာတဲ့ အင်အား ၇၀ ပါ စစ်ကြောင်း ၂ ကြောင်းကြားမှာ ပိတ်မိနေတဲ့ ဒေသခံရွာသားတွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းကယ်ထုတ်ခဲ့ကြတာပါ။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်း ထိုးလာတာကြောင့် ဒေသခံပြည်သူတွေ ရွာအတွင်းပိတ်မိနေခဲ့ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ဖို့ KBU-UG အဖွဲ့နဲ့ ဒေသတွင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေနဲ့ ဝေဟင်ကနေ ကင်းထောက်ပြီး ကူညီကယ်ဆယ်ခဲ့ကြရတယ်။ စစ်တပ်စစ်ကြောင်း ၂ ကြောင်းဟာ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ကျေးပင်အက်ရွာမှာ စစ်ကြောင်း ၂ ခုပေါင်းနေတုန်း ကျနော်တို့ KBU-UG အဖွဲ့က ဒရုန်းနဲ့ ဗုံးသီးတလုံးချပြီး တိုက်ခိုက်ခဲ့တာ (စခ..)တွေ အထိခိုက်ရှိနိုင်ပြီး ကျနော်တို့ KBU-UG အဖွဲ့ဘက်ကလည်း ဒရုန်း၁ စီး ဂျန်ပါ(Jumper)မိပြီး ဆုံးရှုံးသွားရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်း ၂ ကြောင်းဟာ ကျေးပင်အက်ရွာကနေ ညနေ ၅ နာရီခွဲအချိန်မှာ ငှက်ပျောတိုင်းကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားကြပြီး ကျေးပင်အက်ကျေးရွာမှာ ကျန်ခဲ့တဲ့ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကတော့ အောက်တိုဘာ ၁၄ ရက်နေ့ ဒီနေ့မနက် ၁၁ နာရီလောက်မှာ ကန့်ဘလူ တင့်ကားတပ်ရင်း ၆၀၀၆ ထဲကို ပြန်လည်ဝင်ရောက်သွားကြတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။