
ကေအန်ယူတပ်မဟာ ၆ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ တလအတွင်း တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က အယောက် ၈၀ နီးပါး သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ လက်အောက်ခံတပ်ဘက်က ခရိုင်ရဲအုပ်မှူး ၁ ယောက်၊ ရတ ခလရ(၁၇၅) ယာယီ တပ်ရင်းမှူး ၁ ယောက်၊ ရဲအုပ် ၁ ယောက်၊ ထွေအုပ် အကြီးတန်းစာရေး ၁ ယောက်၊ တပ်ကြပ် ၁ ယောက်၊ တပ်ခွဲ အရာခံဗိုလ် ၁ ယောက်နဲ့ တပ်ခွဲ ဒု အရာခံဗိုလ် ၁ ယောက် အပါအဝင် ၇၉ ယောက် သေဆုံးခဲ့ပြီး ခရိုင် ဒုရဲမှူး ၂ ယောက်၊ ရဲ ဒုတပ်ကြပ် ၃ ယောက်၊ ဒုရဲအုပ် ၃ ယောက်နဲ့ ရဲတပ်သား ၂ ယောက် အပါအဝင် ၄၄ ယောက်ကတော့ ဒဏ်ရာ ရရှိခဲ့ပါတယ်။
KNLA, KNDO - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ယောက် ကျဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေဟာ အင်အားဖြည့်တင်းပြီးတော့ နယ်မြေကျူးကျော် စစ်ကြောင်းတွေများလာတာနဲ့ အမျှ KNLA, KNDO - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း သူတို့ကို စီးနင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်တာတွေကို နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေကြတာပါ။
စစ်ကောင်စီတပ်တွေဘက်က အပြစ်မဲ့ ပြည်သူတွေကို လူ့အခွင့်အရေးချိူးဖောက်မှုတွေ၊ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ အစဥ်အပြတ်ရှိနေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာလည်း နေ့စဥ်နဲ့ အမျှ တိုးလာနေတယ်လို့ ကေအန်ယူ-ဗဟိုက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာ တော့ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးပါးရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေလို့ ဆိုပါတယ်။











