DVB Logo
Home
မြန်မာသတင်း
နျူကလီးယား အခြေခံအဆောက်အဦဆောက်လုပ်ရေး မြန်မာ-ရုရှား MOU သဘောတူ စာချုပ် 
DVB
·
October 13, 2023
နျူကလီးယား အခြေခံအဆောက်အဦဆောက်လုပ်ရေး မြန်မာ-ရုရှား MOU သဘောတူ စာချုပ် 
Donate to DVB

ဓာတ်ပုံ - နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာစစ်ခေါင်းဆောင်နှင့် ရုရှားညွှန်ချုပ် တွေ့ဆုံဆွေးနွေး

မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ နျူဓာတ်ပေါင်းဖိုဆောက်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အဦအတွက် လိုအပ်ချက်တွေ လေ့လာဆန်းစစ် ဖော်ထုတ်ရေးနဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးဆိုင်ရာ MOU သဘောတူညီမှု စာချုပ်သစ် ချုပ်ဆိုခဲ့တယ်လို့  WNN (World Nuclear Group) နဲ့ InterFax  သတင်းဝက်ဘ်ဆိုက်တွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပမယ့် Russia Energy Week နိုင်ငံတကာဖိုရမ်ရဲ့ ပူးတွဲအစီအစဉ်တခုအဖြစ် ချုပ်ဆိုခဲ့တဲ့ အဲဒီသဘောတူညီမှုစာချုပ်မှာ ရုရှားနိုင်ငံပိုင် ရိုဆာတန်ကော်ပိုရေးရှင်းရဲ့ အထွေထွေဒါရိုက်တာ အလက်စီလီကာရှဖ်နဲ့ မြန်မာနိုင်ငံက စစ်ကောင်စီလက်အောက်ခံ သိပ္ပံနဲ့နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့က လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစာချုပ်မှာ မြန်မာနိုင်ငံက နျူကလီးယားစက်ရုံအတွက် အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးမှာ လတ်တလော လိုအပ်ချက်တွေကို စိစစ်ဖော်ထုတ်ပြီး ဦးစားပေး တည်ဆောက်ရမယ့် အဆောက်အဦတွေအတွက် စီမံကိန်းရေးဆွဲသွားဖို့ သတ်မှတ် သဘောတူထားတယ်လို့ ဆိုပါတယ်။

ရုရှားဘက်က ထုတ်ပြန်တဲ့ သတင်းအရ ဒီစာချုပ်မှာ မြန်မာနိုင်ငံက နျူးကလီးယားစက်ရုံကို ဆောက်လုပ်ရာမှာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က လမ်းညွှန် ချမှတ်ထားတဲ့ နည်းလမ်း၊ စည်းကမ်းတွေနဲ့အညီ ဆောက်လုပ်သွားဖို့၊ ရိုဆာတန်ရဲ့ အကောင်းဆုံးနည်းပညာ အတွေ့အကြုံတွေကို အသုံးချသွားဖို့ သတ်မှတ်ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

အဲဒါအပြင် နျူကလီးယားစွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လေ့ကျင့်ရေး၊ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေး အစီအစဉ်မှာ ပါဝင်မယ့် အဖွဲ့အစည်းတွေအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးဆိုင်ရာ အလေ့အကျင့်နဲ့ ယဉ်ကျေးမှု ထွန်ကားလာစေရေးတို့အတွက် ရုရှားနဲ့ မြန်မာပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုပါ ထည့်သွင်းသတ်မှတ်ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချဖို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံသဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ အဲဒီစာချုပ်ပါ သဘောတူညီချက်အတိုင်း ဖွဲ့စည်းထားတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ ပထမဆုံးအစည်းအဝေးကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနှစ်ထဲမှာ မြန်မာ၊ ကာဂျစ်စတန်၊ သီရိလင်္ကာတို့နဲ့ နျူကလီယားလုပ်ငန်းဆိုင်ရာ သဘောတူညီမှုတွေ အပြီးသတ်ချမှတ်နိုင်ဖို့ ရိုဆာတန်က မျှော်မှန်းထားကြောင်း အထွေထွေဒါရိုက်တာ အလက်စီလီကာရှဖ်က ပြောခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ တည်ဆောက်သွားမယ့် နျူကလီးယားစက်ရုံနဲ့ ပတ်သက်ပြီး တင်ကြိုလေ့လာသုံးသပ်ရေးလုပ်ငန်းကို ဒီနှစ်ထဲမှာ အပြီးဆောင်ရွက်သွားဖို့ ရိုဆာတန်က စီစဉ်ထားကြောင်း ရိုဆာတန်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Atomenergoprom က သူ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

Source: WorldNuclearNews/Interfax

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013