DVB Logo
Home
နိုင်ငံတကာ
အစ္စရေးစစ်ပွဲကို ချက်ချင်းရပ်တန့်ရန် အာရပ်အဖွဲ့ချုပ် တောင်းဆို
DVB
·
October 12, 2023
အစ္စရေးစစ်ပွဲကို ချက်ချင်းရပ်တန့်ရန် အာရပ်အဖွဲ့ချုပ် တောင်းဆို
Donate to DVB

ဂါဇာကမ်းမြောင်ဒေသက အစ္စရေးစစ်ပွဲကို ချက်ချင်းရပ်တန့်ဖို့ အောက်တိုဘာ ၁၁ ရက်က ကိုင်ရိုမှာ ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ အာရပ်အဖွဲ့ချုပ်က တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဂျက်တိုက်လေယာဉ်တွေ မတိုက်ခင် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ ရုတ်တရက် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုအပြီးမှာ မထိန်းချုပ်နိုင်လောက်အောင် ဆိုးရွားတဲ့အခြေအနေ အလားအလာ ဖြစ်သွားပြီလို့ အာရပ်အဖွဲ့ချုပ် အကြီးအကဲ အာမဒ်အဘိုလ်ဂေ့ထ်က သတိပေး ပြောကြားခဲ့ပါတယ်။

အစ္စရေး သိမ်းပိုက်ရေးတပ်တွေ ပြင်ဆင်ထားတဲ့ လက်စားချေစစ်ဆင်ရေးတွေဟာ တည်ငြိမ်မှုကို ဆောင်ကြဉ်းမှာမဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုတွေပဲ ပိုဖြစ်ပွားလာမှာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေအပေါ် ဒီအာဏာပိုင်တွေက အကုန်သိမ်းကြုံး ပြစ်ဒဏ်ပေးတာမျိုးကို ပယ်ချကာ နိုင်ငံတကာဥပဒေအရလည်း ရှုတ်ချပါတယ်လို့ အာမဒ် အဘိုလ် ဂေ့ထ်က ပြောပါတယ်။

အာရပ်လိဂ် အတွင်းရေးမှူးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ဟော့ဆမ်ဇာကီကလည်း ဂါဇာကမ်းမြောင်နဲ့ အစ္စရေးစစ်ပွဲကို ချက်ချင်းရပ်ဖို့နဲ့ ဂါဇာကမ်းမြောင်နဲ့ ပတ်ဝန်းကျင်မှာ စစ်အင်အားတွေ တိုးမြှင့်ချထားတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပြီး ၂ ဖွဲ့စလုံးကို ကိုယ့်ဘက်ကို ထိန်းထိန်းသိမ်းသိမ်း ချုပ်တည်းထားကြဖို့ တောင်းဆိုထားပါတယ်။

စစ်ပွဲကို ရှေ့ဆက်တိုးပြီး စစ်အင်အားကို ဆက်တိုးမြှင့်နေတာက လူသားချင်းစာနာမှု ကပ်ဘေးတွေနဲ့ လုံခြုံရေးအကျိုးဆက်တွေ ဖြစ်နိုင်ကြောင်းနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နှစ်ဖက်စလုံးက အရပ်သားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်တာအပြင် နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်းနဲ့ မျှဝေထားတဲ့ လူ့တန်ဖိုးတွေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ စပ်လျဉ်းပြီး အရပ်သားတွေကို ကာကွယ်ဖို့ လိုအပ်ကြောင်း၊ အရပ်သားတွေ၊ သုံ့ပန်းတွေနဲ့ ထိန်းသိမ်းခံထားရသူ အားလုံးကို လွှတ်ပေးဖို့ အရေးကြီးကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် လူ ၁,၁၀၀ သေဆုံးပြီး ၅,၃၃၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

လူနေအဆောက်အအုံ ၅၃၅ လုံး ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း ၂ သိန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဟားမတ်စ် တာဝန်ရှိသူတွေက ပြောပါတယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ အများစုမှာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ခိုလှုံရေးစခန်းတွေမှာ ရှိနေပြီး တချို့သူတွေဟာ ကွဲအက်ပျက်စီးနေတဲ့ လမ်းတွေပေါ်မှာ စုပြုံနေခဲ့ကြပါတယ်။

ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု စတည်းက အောက်တိုဘာ ၁၂ ရက် ဒီမနက် ၉နာရီအထိ ဂါဇာမှာ လူ ၁,၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး CNN သတင်းဌာနက ပြောပါတယ်။

စနေနေ့ကတည်းက ခုထိ လူ ၁,၂၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အစ္စရေးက သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးဟာ သူ့ရဲ့ တောင်ပိုင်းနယ်စပ်တလျှောက် အရန်တပ်သား ၃ သိန်းကျော်ကို စုဆောင်းထားတယ်လို့ အစ္စရေး ကာကွယ်ရေးတပ် IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျိုနသန် ကွန်ရီကပ်စ်က ပြောပါတယ်။

ဂါဇာရဲ့ မြောက်ဘက် ကီလိုမီတာ ၅၀ အကွာ အစ္စရေးနိုင်ငံက ဟိုယွန်မြို့မှာ အောက်တိုဘာ ၁၁ ရက် ညက တိုက်ခန်းအဆောက်အအုံ ဝရံတာတွေကနေ အစ္စရေး နိုင်ငံတော်သီချင်း သီဆိုသံကို ကြားခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားတဲ့ နယ်စပ်စည်းရိုးကို ဖျက်ပြီး ဝင်လာတဲ့ ဟားမတ်စ်တွေက သီတင်းပတ်ကုန်က အစ္စရေးကို စီးနင်းတိုက်ခိုက်ခဲ့လို့ အစ္စရေးနိုင်ငံအတွင်း သေဆုံးသူဦးရေဟာ ၁,၂၀၀ အထိ တိုးလာပြီး ဒဏ်ရာရရှိသူ ၂,၇၀၀ ကျော်ရှိတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဟားမတ်စ်က စနေနေ့ကစပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲကို သတင်းထောက်တွေက သတင်းယူရင်း ဂါဇာကမ်းမြောင်ဒေသမှာ သတင်းထောက် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေနဲ့ မီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေးက ဟားမတ်စ်ကို လက်တုံ့ပြန် တိုက်ခိုက်နေပြီး သေဆုံးသူ အရေအတွက်ဟာ လာမယ့်ရက်ပိုင်းတွေမှာ ဒီထက်ပိုပြီး မြင့်တက်လာနိုင်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013