DVB Logo
Home
မြန်မာသတင်း
ဝါရင့် အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည် ကွယ်လွန်
DVB
·
October 12, 2023
ဝါရင့် အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည် ကွယ်လွန်
Donate to DVB

တခေတ်တခါက ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ နာမည်ကြီး ဝါရင့် သဘင်ပညာရှင် အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည်ဟာ အောက်တိုဘာ ၁၁ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီမှာ မွေးဖွားခဲ့တဲ့ မင်းသမီးကြီး ဒေါ်အေးကြည်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ နာယက တဦးလည်းဖြစ်တဲ့ မင်းသမီးကြီး ရွှေလိပ်ပြာ ဒေါ်အေးကြည် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး မြန်မာ့အငြိမ့်သဘင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတော့ ခုလိုရေးသားမျှဝေထားခဲ့တာကို ‌တွေ့ရပါတယ်။

“အငြိမ့်သဘင်ရဲ့ ကြယ်တစ်ပွင့် ကြွေလွင့်ပြန်ပါပြီ၊ မြန်မာ့အငြိမ့်သဘင်သမိုင်းမှာ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်တီထွင်မှုတွေနဲ့ အောင်မြင်မှုမှတ်တိုင် စိုက်ထူခဲ့တဲ့ အငြိမ့်မိခင်ကြီး အမေ “ရွှေလိပ်ပြာ မအေးကြည်” ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနှင့် ထပ်တူ၊ အမေ့ကိုချစ်ကြသော တပည့်သားသမီးများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ အမေ “ရွှေလိပ်ပြာ မအေးကြည်” ကောင်းသောဘုံဘဝ၊ ဘုံဌာနမှာ ခံစားစံစားနိုင်ပါစေကြောင်း​” မြန်မာ့အငြိမ့်သဘင် အငြိမ့်အနုပညာ page မှ ဆုတောင်းလိုက်ရပါတယ်။”

မင်းသမီးကြီး ဒေါ်အေးကြည်ဟာ ငယ်စဉ်ကတည်းက အဆိုအကဝါသနာပါတာကြောင့် မိဘတွေက မင်းသမီး ပဲခူး မယ်ကျော့ (မကျော့တင်) ဆီအပ်ကာ အဆိုအက သင်စေပြီး နောက်မှာ သီတင်းကျွတ် တန်ဆောင်တိုင်ပွဲတွေ၊ နေရှင်နယ်ဒေးအောင်ပွဲ၊ နှစ်ကျိပ်ရှစ်ဆူပွဲတွေမှာ လိုက်ကရာကနေ နာမည်ရလာခဲ့တာပါ။

ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှုတွေ ပေါ်ပေါက်ချိန် ပဲခူးရိုးမမှာရှောင်ရင်း တိုက်ကြီးစုရွာ ဘုန်းကြီးကျောင်းဝင်းထဲ အဖော်တွေနဲ့ ကနေချိန် ဘိုးသူတော်က “လိပ်ပြာကလေး ပျံနေသလိုပဲဟေ့”လို့ ပြောတာကြောင့် ဆရာတော်က “ဒီနာမည်နဲ့ ကောင်းစားလိမ့်မယ်” လို့ နိမိတ်ဟောတဲ့အတွက် ရွှေလိပ်ပြာ အမည်ကို ယူပြီးတော့ အငြိမ့်ကရင်လည်း လိပ်ပြာသဏ္ဌာန် ဝတ်ပြီး ကလေ့ရှိတယ်လို့ စာရေးဆရာမကြီး စောမုံညင်းက “ခေါင်းဆောင်အငြိမ့်မင်းသမီး ရွှေလိပ်ပြာ” အမည်နဲ့ လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာမှာ ရေးသားဖူးပါတယ်။

နောက်ပိုင်း ရန်ကုန်ကို ရောက်ရှိပြီးနောက်မှာ ရှေ့ထွက် အောင်သန်းစိန်၊ အလယ်ထွက် အာဇာနည်စိန်စိန်တို့နဲ့အတူ ရွှေလိပ်ပြာက ခေါင်းဆောင်မင်းသမီး ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် မြန်မာ့အငြိမ့်သဘင် ရွှေခေတ်လို့ ဆိုရမယ့် ခေတ်ကာလတွေတလျှောက် ရွှေလိပ်ပြာ မအေးကြည်လို့ လူသိများပြီး အသက် ၂၅ နှစ် အိမ်ထောင်ကျပြီးတဲ့နောက် ကိုယ်ပိုင်အငြိမ့် ထောင်ရာမှာလည်း ဆယ်စုနှစ်တခုကြာ နာမည်ထိန်းနိုင်ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

အငြိမ့်ကနေ ဇာတ်ဆီကူးကာ ရွှေမန်းကျော်မြင့်၊ ရွှေမန်းကျော်အောင်၊ စိန်ကျော်ရွှေ (လှည်းကူး)၊ ရွှေမန်းကိုကြည်အောင် (ပုလဲအရောင်မမှိန်)၊ စိန်အောင်မင်းစတဲ့ နာမည်ကျော် ဇာတ်မင်းသားတွေနဲ့ တွဲဖက်ကပြခဲ့ပြီး စိန်အောင်မင်းနဲ့ကတဲ့ “ဆင်ကဲ-ဘို့မယ်”၊ ရွှေမန်းကျော်အောင်နဲ့ကတဲ့ “ဇမ္ဗူပတိချွတ်ခန်း”၊ “လက်ဝဲသုန္ဒရ” တို့ကတော့ လူသိများ ထင်ရှားခဲ့ပါတယ်။

ဒါ့အပြင် ဆိုင်း ဦးပြေဟန်ရဲ့ “မမလိပ်ပြာ ရွှေလိပ်ပြာ”၊ ရွာစား စိန်ဗိုလ်တင့်ရဲ့ “တူနှစ်ကိုယ်” နဲ့ “သုခုမသမီးလေး ရွှေလိပ်ပြာ” တို့ဟာလည်း ရွှေလိပ်ပြာ မအေးကြည်ရဲ့ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူကွယ်လွန်သွားခဲ့တဲ့အပေါ် သဘင်အနုပညာရှင်အသိုင်းအဝိုင်း ကရော ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်း ဖြစ်ကြရကြောင်း လူမှုကွန်ရက်စာ မျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။

နာမည်ကြီး လူရွှင်တော် ဇာဂနာကလည်း ရွှေလိပ်ပြာ မအေးကြည်ရဲ့အကြောင်း အင်တာဗျူးမှတ်တမ်းရုပ်သံကို အမှတ်တရ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“အမေ ရွှေလိပ်ပြာ ဒေါ်အေးကြည် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်များက အမေ့ကို မှတ်တမ်းတင်ခဲ့တဲ့အခွေတွေပြန်စစ်ဆေးရင်း အမေနဲ့အင်တာဗျူးလုပ်ခဲ့တဲ့ သုံးနာရီစာ မှတ်တမ်းကို ပြန်တွေ့ပါတယ်။သည်တုန်းက အမေက အသက်ရှစ်ဆယ် ကျော်တာတောင် ဆိုနိုင် ကနိုင်သေးတယ်ဆိုပြီး ထကပြလို့ ရိုက်ယူထားတာလေး အလွမ်းပြေ တင်ပြလိုက်ပါတယ်။”

Photo Credit-မြန်မာ့အငြိမ့်သဘင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013