DVB Logo
Home
မြန်မာသတင်း
တနင်္သာရီခြေမြန်တပ်ရင်း တိုက်ခိုက်ခံရ၊ အခြေခံစစ်ပညာသင်တန်း တနင်္သာရီပကဖ ဖွင့်လှစ်
DVB
·
October 12, 2023
တနင်္သာရီခြေမြန်တပ်ရင်း တိုက်ခိုက်ခံရ၊ အခြေခံစစ်ပညာသင်တန်း တနင်္သာရီပကဖ ဖွင့်လှစ်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကနေ  ဒရုန်းတွေနဲ့ ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာအခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၀ ရက် မနက် ၁၁ နာရီလောက်က တကြိမ်နဲ့ ညနေ ၅ နာရီလောက်မှာ တကြိမ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါဒရုန်းစစ်ဆင်ရေးမှာ ပစ်မှတ်အား ထိရောက်ပေါက်ကွဲခဲ့ပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ တနင်္သာရီတိုင်း ပကဖ တာဝန်ခံက ပြောပါတယ်။ 

“ပစ်မှတ်ကိုတော့ ထိရောက်ခဲ့တယ်။ ထိခိုက်သေဆုံးတာတော့ မသိရသေးဘူး။ ‌တိုက်ပွဲ‌တွေက တနင်္သာရီအပါအဝင် တတိုင်းလုံးအနေနဲ့ စစ်ရေးအရှိန် မြှင့်လာဖို့ ရှိပါတယ်။” 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၁၊ တနင်္သာရီတိုင်း စစ်ဌာနစစ်ဆေးရေးဌာနရဲ့လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad)၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကနေ သွားရောက်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း နေထိုင်သူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ပြည်ထောင်စုလမ်းပေါ် ညဘက်ခရီးသွားလာတာတွေအပြင် စစ်တပ်နဲ့ အနီးကပ်နေထိုင် သွားလာတာတွေ မပြုလုပ်ကြဖို့၊ နေ့ဘက်အချိန် ကားနဲ့သွားလာပါက ကားမှန်ချပြီး သွားလာကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ရှိ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အခြေခံစစ်ပညာ ဖွင့်လှစ်သင်ကြားနေတယ်လို့ ‌တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခြေခံစစ်ပညာသင်တန်းကို တနင်္သာရီတိုင်းထဲက မြို့နယ်တနေရာမှာ ဖွင့်လှစ်သင်ကြား‌နေပြီး သင်တန်းသားဦးရေ ၈ဝ ခန့် တက်ရောက်သင်ကြားနေကာ သင်တန်းကာလမှာ အချိန် ၁ လ ကြာမြင့်မယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ပကဖ တာဝန်ခံ ကိုစတားက “သင်တန်းအဖွဲ့ထဲက ပကဖ ရဲဘော်အသစ်တွေ တိုးလာတဲ့အတွက် သူတို့ကို အခြေခံတတ်မြောက်ရမယ့် စစ်ပညာသင်ပေးတဲ့ သင်တန်း ဖြစ်တယ်။ သင်တန်းက ၁ လလောက် မှန်းထားတယ်၊ ရဲဘော်တွေ အခြေအနေကြည့်ပြီးမှ လိုအပ်ရင် ၁ လခွဲ ဖြစ်ချင်ဖြစ်သွားမယ်။ ဒါတော့ သင်တန်းမှူးတွေရဲ့ အစီအစဥ်နဲ့ လုပ်တဲ့ကိစ္စပါ။ သင်တန်းကတော့ တိုင်းထဲက မြို့နယ်တခုမှာ လုပ်တာပါ” လို့ ပြောပါတယ်။

အခြေခံစစ်ပညာသင်တန်းမှာ စစ်ရေးပြခြင်း၊ လက်နက် ဖြုတ် တပ် ပစ်ခတ်ခြင်း၊ အခြေခံစစ်ရေး၊ စစ်ဘက်ဆိုင်ရာ စည်းကမ်းပိုင်းတွေအပြင် နိုင်ငံရေးဘာသာရပ်တွေကို သင်ကြားပို့ချပေးနေတယ်လို့ သိရပါတယ်။

“သင်တန်းမှာက အဓိကတော့ အခြခံစစ်ပညာပါ၊ ပြီးတော့ လက်နက်ငယ်တွေမှာ ဖြုတ် တပ် ပစ်ခတ်တာတွေ၊ စစ်ဗျူဟာနဲ့ပတ်သက်တဲ့ အပိုင်းတွေ ဒါလေးတွေက အဓိကပါမှာပါ။ ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အပိုင်းတွေ၊ ပကဖရဲဘော်တွေအတွက် ဒီပကဖတွေ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းပိုင်းနဲ့ ကျင့်ဝတ်ပိုင်းတွေ၊ စစ်ဘက်ဆိုင်ရာ စည်းကမ်းချက်တွေကို အဓိကသင်ကြားပေးတာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် ၃ အောက်ရှိ တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာနရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့‌က‌‌နေ မောင်းသူမဲ့ ဒရုန်းသင်တန်းကိုလည်း လေ့ကျင့်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013