
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အောက်တိုဘာ ၁၁ ရက်မှာ ဟားမတ်စ်ကို စစ်တိုက်ဖို့ အရေးပေါ်အစိုးရတရပ်ကို ဖွဲ့စည်းလိုက်ပြီး သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးကလည်း ဒီသီတင်းပတ်အတွင်း လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို ကမ္ဘာ့မြေပြင်ကနေ သုတ်သင်ပစ်မယ်လို့ ကတိပြုခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ ဗဟိုဝါဒီ အတိုက်အခံပါတီခေါင်းဆောင် ဘန်နီ ဂန့်ဇ်တို့ ခေါင်းဆောင် ၂ ဦးနဲ့အတူ လက်ရှိ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂဲလန့်လည်း ပါဝင်တဲ့ အရေးပေါ်အစိုးရတရပ် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြောင်း ဂန့်ဇ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက အောက်တိုဘာ ၁၁ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာမှာ ဟားမတ်စ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ အရေးပေါ်အစိုးရဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ မူဝါဒတွေ၊ ဥပဒေတွေကို လုပ်ဆောင်မှာမဟုတ်ကြောင်း နေတန်ယာဟုနဲ့ ဂန့်ဇ်တို့က ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုချိန်ဟာ စစ်ပွဲကာလဖြစ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂဲလန့်က ပြောပါတယ်။
ဟားမတ်စ်၊ ISIS-ဂါဇာ လို့ခေါ်တဲ့ ဒီအရာကို ကမ္ဘာမြေပြင်ကနေ ရှင်းပစ်မှာဖြစ်ပြီး မတည်ရှိနိုင်တော့အောင် ချုပ်ငြိမ်းသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီအဆင့်မှာ အတိုက်အခံခေါင်းဆောင် ယဲရ်လာပစ်ဒ်ကိုတော့ အရေးပေါ်အစိုးရထဲ ပါဝင်ဖို့ မမျှော်လင့်ထားပါဘူး။
အစ္စလာမ္မစ် ဟားမတ်စ် သေနတ်သမားတွေဟာ စနေနေ့က ဂါဇာကမ်းမြောင်ကနေ အစ္စရေးကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး လူပေါင်း ၁,၂၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတခုကို လုပ်ဆောင်ခဲ့တာကြောင့် အစ္စရေးသမိုင်းမှာ အသေအပျောက်အများဆုံး ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့တာကြောင့် လူပေါင်း ၁,၀၅၅ ဦး သေဆုံးထားပြီး ဟားမတ်စ်တွေကို ချေမှုန်းဖို့ မြေပြင်တိုက်ပွဲတွေ ဆင်နွှဲတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြားမှာပဲ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ဂါဇာတဝိုက်မှာ တပ်ဖြန့်ချထားပါတယ်။
Source/Photo-Reuters










