
အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေး ရှိနေတဲ့ကြားက လက်ဘနွန်နိုင်ငံတဝန်း တိုက်ခိုက်မှုတွေကို တိုးချဲ့ လုပ်ဆောင်နေတာကြောင့် ပြီးခဲ့တဲ့အပတ်အတွင်း လက်ဘနွန်မှာ ၂၄ နာရီတိုင်း ကလေး ၁၁ ယောက် သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ကလေးများအေဂျင်စီ (UNICEF ) က မေ ၂၉ ရက်မှာ ပြောပါတယ်။
အစ္စရေးဟာ မေ ၂၇ ရက်ညပိုင်းကနေ မေ ၂၈ ရက်အထိ လက်ဘနွန် တောင်ပိုင်းက မြို့ရွာတွေကို စစ်မက်ဇုန်အသစ်အဖြစ် ကြေညာပြီး လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ကြာသပတေးနေ့မှာပဲ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်က အဆောက်အအုံ တခုကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ ကလေးငယ် စုစုပေါင်း ၇၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ လက်ဘနွန်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ပေးအပ်တဲ့ စာရင်းဇယားတွေကို ကိုးကားပြီး UNICEF က ပြောပါတယ်။
ဒီအထဲမှာ ကလေးငယ် ၁၅ ယောက်သေဆုံးပြီး ၆၂ ယောက် ဒဏ်ရာရခဲ့ကာ အများစုက လက်ဘနွန်တောင်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ တရက်တည်းမှာတင် ကလေး ၇ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာ ရခဲ့ပါတယ်။
ဧပြီ ၁၆ ရက်မှာ အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက လက်ဘနွန်မှာ ကလေး ၅၅ ယောက် သေဆုံးပြီး ၂၁၂ ယောက် ဒဏ်ရာရရှိခဲ့ပြီးဖြစ်လို့ “ဒါဟာ တကယ်ပဲ အပစ်အခတ် ရပ်စဲတာလား၊ ဒါမှမဟုတ် ပစ်ခတ်မှု လျှော့ချရုံသက်သက်ပဲလား” ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒီအပစ်ရပ်စဲရေးဟာ မတ် ၂ ရက်ကတည်းက အစ္စရေးစစ်တပ်နဲ့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့တို့အကြား ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ ဝါရှင်တန်က ကြားဝင်စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စစ်ရေးလှုပ်ရှားမှုတွေ ပိုကျယ်ပြန့်လာတာကြောင့် လက်ဘနွန် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အလွန်စိုးရိမ်စရာဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်ပြီးနောက်ပိုင်း လက်ဘနွန်က ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေ တိုက်ခိုက်ခံရမှု ပေါင်း ၂၇ ကြိမ်အထိ ရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၂၅ ယောက် သေဆုံးကာ ၄၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံ ၁၆ ရုံနဲ့ အခြေခံကျန်းမာရေးဌာန ၁၃ ခုလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ WHO က ဆိုပါတယ်။
Source: Reuters










