DVB Logo
Home
မြန်မာသတင်း
လိုင်ဇာအနီး အေအေတပ်စခန်းကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ၁ ဦး သေဆုံး ၁၀ ဦးဒဏ်ရာရ
DVB
·
October 11, 2023
လိုင်ဇာအနီး အေအေတပ်စခန်းကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ၁ ဦး သေဆုံး ၁၀ ဦးဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်စခန်းတခုကို အောက်တိုဘာ ၉ ရက် ညမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ညနေပိုင်းက လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့သလို ရက္ခိုင့်တပ်တော်ရဲ့ တပ်စခန်းတခုကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“မနေ့က လိုင်ဇာဘက်မှာ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့သလို ကျနော်တို့တပ်တော်ရဲ့ စခန်းတခုကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့မှုကြောင့် တပ်ဖွဲ့ဝင်တဦး သေဆုံးသွားခဲ့တယ်။ တပ်ဖွဲ့ဝင် ၁၀ ဦးလောက် ဒဏ်ရာရရှိခဲ့ကြတယ်။ ဒဏ်ရာရရှိခဲ့ကြတဲ့အထဲမှာ စစ်မယ်တချို့လည်း ပါဝင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ တပ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု များလာရင် တင်းမာတဲ့အခြေအနေကို ရောက်ရှိနိုင်တယ်လို့ ရက္ခိင့်တပ်တော် (အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆက်ပြောပါတယ်။

“ကျနော်တို့တပ်စခန်းဘက်တွေကိုသာ ဆက်ပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ များလာရင်တော့ နှစ်ဖက်ကြားမှာ ဆက်ဆံရေး ပျက်ပြားလာပြီးတော့ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲဟာလည်း ဒီလို ကျနော်တို့ တပ်စခန်းတွေကို တိုက်ခိုက်တာကြောင့် ဖြစ်ခဲ့ရတာဖြစ်ပြီး ဒီလိုသာ တိုက်ခိုက်လာရင် ပိုပြီးတင်းမာလာနိုင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို နိုဝင်ဘာ ၉ ရက်မှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၁၀ ဦး အပါအဝင် အရပ်သား ၂၈ ဦးခန့် သေဆုံးခဲ့ကာ ၆၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ပြီး အခုလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုတိုက်ခတ်ခံရတဲ့နေရာဟာ စစ်ရေးပစ်မှတ်တခု မဟုတ်ဘဲ စစ်ဘေးရှောင်စခန်း နေရာတခုသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေးနဲ့ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေကို အငြိုးအတေး အာဃာတကြီးစွာထားပြီး လက်နက်ကြီးတွေ၊ လေကြောင်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ တရားလက်လွတ် သတ်ဖြတ်မှုတွေကို နိုင်ငံအနှံ့အပြားမှာ ကျူးလွန်နေပြီး အခုလို ကျူးလွန်မှုတွေက လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဘက်က မိုက်တွင်းနက်နက်နဲ့ ဆိုးရွားစွာ စစ်ရာဇဝတ်မှု ကျူးလွန်နေပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူလူထုအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရားအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ကချင်ပြည်သူလူထု၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နဲ့အတူ ရပ်တည်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ လိုင်ဇာမြို့နယ်ရှိ မူလိုင်ခမ်းစခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်တချို့  ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေဘက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013