DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်သတ်မှတ် 
DVB
·
October 10, 2023
ထိုင်းတွင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်သတ်မှတ် 
Donate to DVB

ထိုင်းနိုင်ငံမှာ လာမယ့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာ ထိုင်းအလုပ်သမားတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ တရက်လုပ်အားခကို ဘတ် ၄၀၀ တပြေးညီ ပေးသွားမယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးက စက်တင်ဘာလအတွင်း အတည်ပြု ပြောပါတယ်။

အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ ထုတ်ပြန်ကြေညာတဲ့အခါ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံခြားသား လုပ်သားတွေကို မခွဲခြားဘဲ သူတို့ရဲ့ လုပ်အားကျွမ်းကျင်မှု (up skill) ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားဖို့လိုတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုပါတယ်။

အခုလို ထိုင်းအလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရာမှာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်တဲ့အပေါ် ဘတ် ၄၀၀ ပမာဏက ထိုင်းနိုင်ငံ လက်ရှိ ကုန်ဈေးနှုန်းတွေနဲ့ယှဉ်ရင် နည်းပါးနေသေးတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အဲ့တော့ ဒီလုပ်အားခတိုးမှာက လာမယ့် ၂၀၂၄ နှစ်ဦး နှစ်ဆန်းပိုင်းမှာပေါ့။ မိခင် ထိုင်းနိုင်ငံသားတွေနည်းတူ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေလည်း ဘတ် ၄၀၀ သတ်မှတ်ချက် တန်းတူညီရမှာပေါ့။ ဒီကိစ္စကတော့ အလွန်အမင်း အရမ်းကာရော ဝမ်းသာမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံမှာ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းနဲ့အညီ အနိမ့်ဆုံး လုပ်အားခတွေက ဘတ် ၃၀၀ ချည်း တက်နေတာ မသင့်တင့်ဘူး၊ မလျော်ကန်ဘူး၊ အဆင်မပြေသေးဘူး။ အဲ့တော့ အနိမ့်ဆုံး ဘတ် ၄၀၀ က တကယ့်တကယ် နည်းနေပါသေးတယ်။ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းနဲ့အညီ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်သက်ကြာလာတာနဲ့ ရသင့်ရထိုက်တဲ့ အနိမ့်ဆုံး လုပ်အားခကတော့ ဘတ် ၄၅၀ ကနေ ၇၅၀ ဘတ်ကြားသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဆက်လက်ပြီး မီး‌မောင်းထိုးပြဦးမှာ ဖြစ်ပါတယ်၊ တောင်းဆိုဦးမှာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်းက ခရိုင်ပေါင်း ၇၇ ခုမှာ ရွှေ့ပြောင်းလုပ်သား အများအပြား ဖြန့်ကျက် လုပ်ကိုင်နေကြပြီး လုပ်အားခတွေက အနိမ့်ဆုံး လုပ်အားခ ၃၂၈ ဘတ်ကနေ အမြင့်ဆုံး လုပ်အားခ ၃၅၄ ဘတ်အထိ ရရှိကြပါတယ်။

ဒါပေမဲ့ လုပ်ငန်းခွင်အများစုမှာ အိုတီကြေးပုံမှန်မရှိတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ တရားမဝင်အလုပ်တွေ လုပ်ကိုင်နေတာတွေလည်း ရှိနေပါတယ်။ လက်ရှိအနေအထားထက်စာရင် လစာတိုးပေးတာ အဆင်ပြေပေမဲ့ ကုန်ဈေးနှုန်းပါ တက်လာရင် အဆင်မပြေဘူးလို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် တာဝန်ရှိသူ ဦးအောင်ကျော်က “အခုလက်ရှိ ထိုင်းနိုင်ငံမှာက အမြင့်ဆုံးလုပ်အားခ ၃၅၄ ကနေ အနိမ့်ဆုံးလုပ်အားခ ၃၂၈ ဘတ် အနေအထား ရှိတာပေါ့။ သူတို့က ခရိုင်အလိုက်ကို လုပ်အားခ သတ်မှတ်ထားတာ ဖြစ်တယ်။ တတိုင်းပြည်လုံးကို တပြေးညီပေးတာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အနေအထားထက်စာရင် အဲ့လိုပေးတာ ရုတ်တရက်ကြည့်ရင် ကျေနပ်အားစရာရှိပေမဲ့ စိုးရိမ်စရာကောင်းတာက လုပ်အားခ တိုးမြင့်တာနဲ့ တပြိုင်နက်တည်း ကုန်ဈေးနှုန်းတွေပါ လိုက်လိုက်တက်လာတဲ့အတွက် ကျနော်ထင်တယ်၊ နဂိုတိုင်းပဲ ဒုံရင်းဒုံရင်းပဲ ဖြစ်လာမယ်လို့ သုံးသပ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကတော့ တရက်ကို လုပ်အားခ ၃၃၂ ဘတ်သာ ရရှိပြီး တချို့လုပ်ငန်းခွင်တွေမှာဆိုရင် အနိမ့်ဆုံးလုပ်အားခ ပြည့်မီအောင် မပေးတဲ့ အလုပ်တွေလည်း ရှိနေပါတယ်။

ပုံမှန် အိုတီကြေးရှိရင် တလကို ဘတ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ကြား ရရှိပြီး လက်ရှိ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ၃ ပုံ ၁ ပုံသာ စုပြီး အိမ်ကိုပို့နိုင်အောင် ကြိုးစားနေရတယ်လို့ ထိုင်းအထည်ချုပ်စက်ရုံတရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမတယောက်က ပြောပါတယ်။

“အခက်အခဲကတော့ အိုတီမရှိတဲ့ရက်တွေဆို အဆင်မပြေဘူး။ အိမ်လခပေးရတာနဲ့ အိမ်ကိုပို့ရတာနဲ့ အဆင်မပြေဘူး။ အသုံးစရိတ်တွေက အရမ်းဈေးများတာပေါ့။ အသုံးစရိတ် ဝယ်ရတာနဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး ဖြစ်နေတာ။ မျှော်လင့်တာတော့ လစာတိုးရင် ကိုယ့်အတွက် အဆင်ပြေတယ်။ မတိုးရင်တော့ အဆင်မပြေဘူး။”

ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဗီဇာကြေး ဘတ် ၂,၀၀၀ ကနေ ၅၀၀ လျှော့ချပေးခဲ့ပါတယ်။ ဒါ့အပြင် နာမည်စာရင်းအသစ်တင်ထားတဲ့ အလုပ်သမားတွေကိုလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင် အလုပ်လုပ်ခွင့် ပေးထားပါတယ်။

MoU သက်တမ်း ၄ နှစ်ရှိတဲ့ အလုပ်သမားတွေကိုတော့ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်အထိ နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်ကို ထိုင်းအစိုးရ ကက်ဘိနက်က အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၄ သန်းကနေ ၅ သန်းကြား ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013