DVB Logo
Home
နိုင်ငံတကာ
ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးထဲ ကားဖြင့်တိုက်ဝင်ခဲ့သူ ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
October 10, 2023
ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးထဲ ကားဖြင့်တိုက်ဝင်ခဲ့သူ ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးထဲကို အောက်တိုဘာ ၉ ရက်က ကားနဲ့တိုက်ဝင်ခဲ့ပြီး အဆောက်အအုံရဲ့ ဗီဇာရုံးခန်းထဲထိ မောင်းဝင်ခဲ့တဲ့ ယာဉ်မောင်းကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း မြို့မရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။

အောက်တိုဘာ ၉ ရက် ပစိဖိတ်စံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်လောက်က လာဂူနာလမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံး အဆောက်အအုံထဲကို ကားတစီး ဝင်တိုက်ခဲ့ပြီးနောက်မှာ ဆန်ဖရန်စစ္စကို ရဲဌာနမှ အရာရှိတွေဟာ အဆောက်အအုံအပြင်ဘက်ရှိ ဧရိယာကို ပိတ်ဆို့ထားလိုက်ပါတယ်။

ဖြစ်စဉ်ရဲ့ တရားဝင် အသေးစိတ်ကိုတော့ အကြမ်းဖျင်းထုတ်ပြန်ထားပြီး ယာဉ်မောင်းရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ကားနဲ့တိုက်ဝင်ရတဲ့ အကြောင်းရင်းတွေကိုတော့ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဖြစ်စဉ်မှာ တခြားဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရပါတယ်။

ဆန်ဖရန်စစ္စကို ရဲဌာန ပြောရေးဆိုခွင့်ရှိသူ တပ်ကြပ်ကြီး ကတ်သရင်း ဝင်းတားစ်က“ရဲတွေရောက်လာချိန်မှာ တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ဧည့်ခန်းထဲမှာ မော်တော်ကား ထိုးရပ်နေတာ တွေ့ရပြီး ရဲတွေက တရားခံနဲ့ ဆက်သွယ်ကြည့်ပြီးနောက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက အကူအညီတွေ ပေးအပ်ခဲ့ပြီး ဆန်ဖရန်စစ္စကို မီးသတ်ဌာနမှ ဆေးမှူးတွေကို ခေါ်ယူခဲ့ကြောင်းနဲ့ ရဲအရာရှိတွေ၊ မီးသတ်သမားတွေနဲ့ ဆေးရုံက ဝန်ထမ်းတွေက အသက်ကယ်ဖို့ ကြိုးပမ်းပေမဲ့ သံသယရှိသူဟာ နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဆေးရုံက ကြေညာခဲ့ကြောင်းလည်း ရဲတပ်ကြပ်ကြီး ဝင်းတားစ်က ပြောပါတယ်။

လောလောဆယ်မှာ တရားခံနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း မရှိသေးကြောင်းနဲ့ ပွင့်လင်းတက်ကြွတဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ပြီး ဆန်ဖရန်စစ္စကိုရဲဌာနက အမေရိကန် နိုင်ငံခြားရေးဌာနက စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း သူက ဆိုပါတယ်။

ဆန်ဖရန်စစ္စကိုရှိ တရုတ်သံတမန်ရုံးက သီးခြားထုတ်ပြန်ချက်မှာတော့ အမည်မသိသူတဦးဟာ ကောင်စစ်ဝန်ရုံးခန်းမထဲကို ကြမ်းကြမ်းတမ်းတမ်း မောင်းဝင်လာခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာရှိ ဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်ပြီးတော့ ကောင်စစ်ဝန်ရုံးရဲ့ အဆောက်အဦနဲ့ ပစ္စည်းဥစ္စာတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတယ်လို့ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013