
တိုင်းရင်းသားလက်နက်ကိုင်တွေ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံသားတွေ ကျူးလွန်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီး ယူနန်ပြည်နယ် နယ်စပ်ဒေသမှာ လွတ်လပ်စွာသွားလာခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။
ယူနန်ပြည်နယ်အတွင်း မြန်မာနိုင်ငံနယ်စပ် အဓိကအဝင်အထွက်ဂိတ်တခုဖြစ်တဲ့ ထိန်ချုန်းမြို့မှာ နယ်စပ်အထူးထိန်းချုပ်ရေးနယ်မြေကို အာဏာပိုင်တွေက ယာယီသတ်မှတ်လိုက်ကြောင်း တရုတ်နိုင်ငံအခြေစိုက် Caixin သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာလ ၁ ရက်ကနေ အခုနှစ်ကုန်ထိ အဲဒီထိန်းချုပ်နယ်မြေအတွင်းကို ဝင်လာတဲ့ လူနဲ့ ယာဉ်တွေအားလုံးဟာ ရောက်ရှိချိန်မှာ စစ်ဆေးခံရမှာဖြစ်ပြီး မှတ်ပုံတင်စာရင်းသွင်းရမှာ ဖြစ်တယ်လို့ ဘောင်ရှန်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ကြောင်း အဲဒီသတင်းက ပြောပါတယ်။
ထိန်ချုန်းဟာ ဘောင်ရှန်းလက်အောက်ခံနယ်မြေ ဖြစ်ပါတယ်။ အဲဒီနယ်မြေကို ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသူတွေကို ဖမ်းဆီးပြီး ရဲလက် အပ်မှာဖြစ်ကြောင်း သိရပါတယ်။
အဲဒီယာယီထိန်းချုပ်နယ်မြေမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ထိန်ချုန်းမြို့ထဲက မြို့နယ် ၃ ခုပါတယ်လို့ သိရပါတယ်။
အဲဒီ မြို့နယ် ၃ ခုပေါင်းရဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်နယ်နိမိတ်အရှည်ဟာ စုစုပေါင်း ၁၄၈ ကီလိုမီတာရှိကြောင်း အဲဒီသတင်းက ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ အခြေစိုက်လုပ်ဆောင်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေ ထပ်မံမကျူးလွန်နိုင်ဖို့နဲ့ သွားရောက်ပူးပေါင်းပါဝင်နိုင်ခြင်းမရှိဖို့ ရည်ရွယ်ပြီး အဲဒီဒေသကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်တင်းကျပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှ အချက်အချာဒေသ အထူးသဖြင့် မြန်မာနဲ့ လာအို ကြားက ကြမ်းတမ်းတဲ့ နယ်စပ်ဒေသမှာ ဒုစရိုက်မှုမျိုးစုံ ပြန့်ပွားထွန်းကားနေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံရဲ့ အရှေ့ဖျား ရှမ်းပြည်နယ်ကနေ လာအိုနိုင်ငံဘိုကီရိုခရိုင်အထိ တဆက်တည်းရှိနေတဲ့ အဲဒီနယ်စပ်ဒေသအတွင်း ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလမှာ ဒုစရိုက်မှုအမျိုးမျိုး ထွန်းကားပြန့်ပွားနေခဲ့တဲ့အကြောင်းကို ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ The International Crisis Group ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီဒုစရိုက်မှု အများစုကို အာဏာပိုင်တွေက ဖြေရှင်းဖို့ လက်လှမ်းမမှီကြဘူးလို့ ဆိုပါတယ်။
အခုလက်ရှိ နာမည်ကြီးနေတဲ့ ဒုစရိုက်လုပ်ငန်းတွေဟာ လူကုန်ကူးမှုတွေအပေါ် အခြေခံကာ တည်ဆောက်ထားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ဒီဒေသက လူကုန်ကူးမှုတွေကို သမိုင်းတလျှောက်မှာ စနစ်တကျနဲ့ အုပ်စုဖွဲ့ကျူးလွန်တဲ့ လူကုန်ကူးမှုတွေထဲမှာ အကြီးမားဆုံးတခု ဖြစ်မယ်လို့ ပြောပါတယ်။
ဒီရာဇဝတ်မှုတွေကို တရုတ်တွေထိန်းချုပ်တဲ့ အထူးစီးပွားရေးဇုန်တွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ မဲခေါင်ဒေသအလယ်က နယ်မြေတွေ၊ အထူးသဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ကာလရှည်ကြာ လက်တွဲအလုပ်လုပ်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်အတွင်းက နယ်မြေတွေထဲမှာ အမြောက်အမြား ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ အဲဒီရာဇဝတ်မှု အတော်များများကို ဦးဆောင်ကျူးလွန်နေကြသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး သူတို့ထဲက အများစုဟာ တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ အလားတူ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ထွက်ပြေးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကင်ဆာလို ပြန့်ပွားကူးစက်နေတဲ့ ဒီရာဇဝတ်မှုတွေကို သတင်းထောက်တွေ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီတို့က သူတို့ရဲ့ သတင်းတွေနဲ့အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြခဲ့ကြပါတယ်။
အခုလတ်တလောမှာတော့ တရုတ်နိုင်ငံဟာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် ပိုမိုအားစိုက် ဆောင်ရွက်လာခဲ့ပါတယ်။ ဘုံနယ်စပ်ဒေသအတွင်း ကျူးလွန်နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ တရုတ်၊ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတို့က အာဏာပိုင်တွေဟာ ပူးပေါင်းစစ်ဆင်ရေးတခု စတင်ခဲ့ကြတယ်လို့ တရုတ်အာဏာပိုင်တွေ (China’s Ministry of Public Security - တရုတ်နိုင်ငံ နိုင်ငံသားလုံခြုံရေး ဝန်ကြီးဌာန) က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးရမိတဲ့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေသူ တရုတ်နိုင်ငံသား အမြောက်အမြားကို တရုတ်အာဏာပိုင်တွေဆီ အကြိမ်ကြိမ်ပြန်ပို့ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်ကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက မြို့နယ်တခုမှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေတဲ့ တရုတ်နိုင်ငံသား ၁၀၉ ယောက်ကို တရုတ်ရဲလက် ထပ်အပ်ခဲ့ပါတယ်။ တရုတ်အစိုးရပိုင်သတင်းဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ပြီး ဖမ်းဆီးရမိတာကြောင့် တရုတ်ရဲလက် ပြန်အပ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၁,၄၈၂ ယောက် ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ဥပဒေစိုးမိုးရေး ဘယ်အတိုင်းအတာထိ ရှိလာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တရုတ်အစိုးရကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။ တရားမဝင် လောင်းကစားနဲ့ တခြားရာဇဝတ်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်အစိုးရက အမြဲပြောသလို တခါတရံ နယ်စပ်မြို့တွေက တရားမဝင် လောင်းကစားရုံတွေ ပိတ်သိမ်းအရေးယူတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေဟာ အမြဲပုံမှန်ရှိနေတာ မဟုတ်သလို အရင်က ဆောင်ရွက်ခဲ့တဲ့ ရာဇဝတ်မှုနှိမ်နင်းရေးတွေမှာလည်း ရာဇဝတ်မှု ကျူးလွန်သူတွေဟာ တရားမဝင် နယ်စပ်လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံထဲကို ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ အဲဒီ တရားမဝင် လမ်းကြောင်းတွေဟာ နယ်စပ်ဒေသ ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။
ဒါတွေဟာ တရုတ်ဗဟိုအစိုးရကနေ နယ်စပ်ဒေသအထိ အဆင့်ဆင့် ဆင်းသက်လာတဲ့ အုပ်ချုပ်ရေးမှာ အာဏာပိုင်တွေကြားက ချိတ်ဆက်မှု အားနည်းတာကြောင့်လည်း တစိတ်တပိုင်း ဖြစ်နိုင်ပါတယ်။ သူတို့ဒေသတွင်းမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဒေသခံ အာဏာပိုင်တွေက မသိဘူးလို့တော့ ပြောရခက်ပါတယ်။
အဲဒါအပြင် နယ်စပ်ဒေသက ဒီရာဇဝတ်မှုတွေ သက်ဆိုးရှည်နေရတာဟာ မြန်မာအရှေ့ဖျား ရှမ်းပြည်နယ်မှာ တရုတ်အစိုးရရဲ့ ဩဇာသက်ရောက်မှုကို ထောက်ပံ့ပေးနေတဲ့ ‘ဝ’ အဖွဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ဖို့အရေး ခက်ခက်ခဲခဲ ချိန်ညှိနေရတဲ့ သဘောကိုလည်း ထင်ဟပ်စေပါတယ်။
အရှေ့တောင်အာရှရဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းစုကြီးကို တရားဥပဒေအတိုင်း တိုက်ဖျက် အရေးယူမယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာ ဖြစ်ပေမဲ့ အတိတ်ကရှိခဲ့တဲ့ သာဓကတွေကြောင့် ဘယ်အတိုင်းအတာအထိလဲ ဆိုတာကိုတော့ သတိထား စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။
စဘတ်ရှန်စထရန်ဂျီအို










