DVB Logo
Home
မြန်မာသတင်း
စက်ရုံလုပ်သားများ၏ တရက်လုပ်အားခ ထောက်ပံ့ကြေးအပါအဝင် ကျပ် ၅,၈၀၀ တိုးမြှင့်
DVB
·
October 9, 2023
စက်ရုံလုပ်သားများ၏ တရက်လုပ်အားခ ထောက်ပံ့ကြေးအပါအဝင် ကျပ် ၅,၈၀၀ တိုးမြှင့်
Donate to DVB

မြန်မာပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ လုပ်သားတွေအတွက် အခြေခံလုပ်အားခ တရက်ကို ကျပ် ၄,၈၀၀ ကနေ အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်ပေးပြီး တရက် ၅,၈၀၀ ကျပ်နှုန်းအဖြစ် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက တိုးမြှင့် ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေက နေ့စားအလုပ်သမားတွေရဲ့ တရက်လုပ်အားခ ၄,၈၀၀ ကျပ်နှုန်း ပေးရာကနေ အောက်တိုဘာလကစလို့ အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ခံစားခွင့်ပေးကြောင်း ကြေညာပြီးနောက် အခုလို အလုပ်သမားတွေရဲ့ တရက်လုပ်ခလစာ ၅,၈၀၀ ကျပ် တိုးမြှင့်လိုက်တာပါ။

အခုလို ပြင်ဆင်လိုက်တဲ့ အခကြေးငွေက အလုပ်သမားတွေ မျှော်လင့်ထားတဲ့ ပမာဏထက် နည်းပါးနေပြီး ဒီလို လုပ်ခလစာ တရားဝင်တိုးပေးဖို့ အမျိုးသားအဆင့်ကော်မတီ ခေါ်ယူပြီး သုံးပွင့်ဆိုင် ဆွေးနွေးတာမျိုး ဖြစ်သင့်တယ်လို့ အလုပ်သမားအရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူက “ဒါက အလုပ်သမားတွေ မျှော်လင့်ထားတဲ့ အခကြေးငွေ မဟုတ်ဘူး။ အလုပ်သမားတွေက အနည်းဆုံး ၇,၂၀၀၊ အများဆုံး ၁၀,၀၀၀ ပေါ့။ ၃ ဒေါ်လာနဲ့ အထက်ကို မှန်းပြီး တောင်းထားကြတာ။ ဒါမှလည်း လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပြေလည်မှာ။ အခုသတ်မှတ်လိုက်တဲ့ နှုန်းထားက အလုပ်ရှင်ဘက်က အဆိုပြုနှုန်းထားကိုပဲ လက်ခံစဉ်းစားပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တာလို့ မြင်တယ်။ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတယ်ဆိုရင် ဘယ်အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာလည်း ချပြဖို့လိုတယ်။ ဒီ ၅,၈၀၀ အပေါ်မှာ ဘယ်အလုပ်သမားအဖွဲ့အစည်းတွေက လက်ခံဆွေးနွေးပြီး အတည်ပြုချက်ပေးခဲ့လဲ မေးရမယ်။ အနိမ့်ဆုံး လုပ်ခလစာဆိုတာ အမျိုးသားအဆင့်ကော်မတီမှာ သုံးပွင့်ဆိုင် ဆွေးနွေးရတာ။ ဒီလိုမျိုး တဖက်သတ် ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချလို့ မရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့မှာလည်း အနိမ့်ဆုံး လုပ်ခလစာကို ၁၀,၀၀၀ ကျပ်အထိ ပြင်ဆင်ပြဋ္ဌာန်းဖို့ အလုပ်သမားနဲ့ သမဂ္ဂအဖွဲ့တွေ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

လက်ရှိ ကုန်ဈေးနှုန်းအနေအထားအရ တရက် ၅,၈၀၀ က မလောက်ပေမဲ့ အလုပ်အကိုင် ရှားပါးတာကြောင့် မဖြစ်မနေ ဝင်လုပ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအလုပ်သမတဦးက “၅,၈၀၀ အခြေအနေက အမှန်တိုင်းပြောရင် လောက်ငမှုမရှိဘူး။ အခုဆိုရင် ဆန်တပြည်က ၅,၀၀၀ နဲ့ ၆,၀၀၀ ဖြစ်နေတော့ ဒီလိုပဲ လောက်ငအောင် စားရတာပေါ့။ အိုတီမရှိတဲ့ စက်ရုံတွေဆို အခက်အခဲ ဖြစ်တာပေါ့။ အိုတီလေး ရှိတယ်ဆို အိုတီကြေးရတယ်။ တချို့ကျ မိသားစုများတဲ့သူ ရှိတယ်။ တယောက်တည်း အားကိုးနေရသူ ရှိတယ်။ လစာထုတ်တဲ့အခါကျရင် ဆန်ဖိုးဖယ်ရတာနဲ့၊ ဆီဖိုးဖယ်ရတာနဲ့ ညီမတို့ဆို နယ်ကနေ လာပြီး အလုပ်လုပ်လို့ အိမ်လစာပေးရတော့ အခက်အခဲတွေ ရှိတာပေါ့။ မလောက်ငဘူးပေါ့။ တလနဲ့ တလကို အလျင်မမီဘူး။ အဲ့လို အခက်အခဲတွေ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရက်လုပ်အားခ ငွေကျပ် ၄,၈၀၀ နှုန်းထားကို ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့ပြီး အနိမ့်ဆုံး လုပ်အားခကို အနည်းဆုံး ၂ နှစ်တကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားပေမဲ့ ၅ နှစ်ကျော်ကြာမှ အခုလို နှုန်းထားအသစ် ထွက်ပေါ်လာတာပါ။

အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသူရိန်အောင်က “အခု လစာတိုးပေးတယ်ဆိုတာက တကယ့် အခြေခံလိုအပ်ချက်တွေအတွက် ကုန်ကျစရိတ်တွေကို မီတဲ့အဆင့် မရောက်သေးဘူး။ အမှန်တကယ် ၂၀၂၃ နှစ်ဆန်းပိုင်းလောက်မှာတည်းက ပြောထားခဲ့တဲ့ တနေ့လုပ်အားခ ၇,၀၀၀ ဆိုတာကို မရနိုင်သေးဘူးဆိုရင် အခြေခံလိုအပ်ချက်တွေကို မမီနိုင်သေးဘူးလို့ ပြောလို့ရတာပေါ့။ အခြေခံလိုအပ်ချက်တွေကို မမီနိုင်ဘဲနဲ့ လက်ရှိလုပ်နေကြတာပဲ။ ဘာလို့ လုပ်နေကြတာလဲဆိုတာ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ မြင်အောင် ကြည့်နိုင်ဖို့ လိုတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံခြားကို လူငယ်တွေ အုံနဲ့ကျင်းနဲ့ ထွက်ခွာတယ်ဆိုတာကို တွေ့မြင်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်အာဏာရှင်ဟာ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ အလုပ်ခိုင်း စေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အောက်တိုဘာလအတွင်း အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့တွေကို ပုံစံမျိုးစုံနဲ့ အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ လူမဆန်စွာ ပြုမူနေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒါ့အပြင် ပုံစံမျိုးစုံနဲ့ အဓမ္မလုပ်အားစေခိုင်းမှုတွေကို အဆုံးသတ်ဖို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တိုက်တွန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013