
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်အတွင်း လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၆ ရက် မနက်ပိုင်းက ကျိုက်ထိုမြို့ပြင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ဧရာဝတီတိုင်းဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၂၀ ကျော် လူငယ်အမျိုးသားတဦးကို ဖမ်းဆီးခဲ့သလို ညနေပိုင်းမှာလည်း ဆိုင်ကယ်နှစ်ယောက်စီးတဲ့ လူငယ်အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေ မြို့ပြင်မှာ ဖုန်းနဲ့ ဆိုင်ကယ်ဘောက်တွေ စစ်ဆေးရာက ဆိုင်ကယ်တယောက်တစီးစီနဲ့ လာတဲ့ လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီဆန့်ကျင်တဲ့ စာသားတွေ လူမှုကွန်ရက်မှာ မျှဝေတာကြောင့် ဖမ်းဆီးခဲ့ပါတယ်။
ကျိုက်ထိုမြို့ခံတဦးက “ပထမဖမ်းခံရတဲ့တဦးက မုက္ခမူရွာသား၊ ဧရာဝတီတိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ၊ မြို့ပြင်စစ်ဆေးရေးဂိတ်မှာ ဖမ်းလိုက်တယ်။ ဘာကြောင့်ဖမ်းလဲ မသိရသေးပေမဲ့ အမှုကတော့ မသေးလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူစီးလာတဲ့ ဆိုင်ကယ်ကို စစ်သားတွေက အဲ့နေရာမှာပဲ သူတို့နဲ့ အဆင်ပြေတဲ့သူတဦးကို ရောင်းလိုက်တာ။ ရဲတွေကို ပိုက်ဆံပေးပြီး ဖမ်းခံရတဲ့မိဘတွေက လိုက်နေလည်း ခုထိ အဆက်အသွယ် မရသေးဘူး။ စနေနေ့ကလည်း လူငယ်နှစ်ယောက် ဆိုင်ကယ်တယောက်တစီးစီနဲ့ လာတာကို တားပြီး ဖုန်းစစ်တာ၊ စစ်တပ်ကိုလှောင်ထားတဲ့ဟာ share လို့ဆိုပြီး ဖမ်းသွားတယ်။ သူတို့နဲ့တော့ အခု အဆက်အသွယ်ရတယ်၊ ဘာပုဒ်မနဲ့ ဆွဲထားလဲ ဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး မိသားစု ပစ်ခတ်ခံရပြီးနောက် ကျိုက်ထိုမြို့တွင်း ဆိုင်ကယ်နှစ်ယောက်မစီးရ အမိန့်ထုတ်ခဲ့သလို အစစ်ဆေးလည်း တင်းကျပ်တာကြောင့် ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲ ၁၀ ဦးခန့်က မိသားစုနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဝိုင်အမ်ဘီအေရဲ့ နာယက ဒုဗိုလ်မှူးကြီးဟောင်း ပစ်ခတ်ခံရပြီးတည်းက တောက်လျှောက် မြို့ထဲမှာ ဖမ်းခံနေရတာ။ ခုထိ ဘယ်သူပစ်လို့ ပစ်မှန်းမသိဘူး။ ပစ်ခတ်မှုမှာလည်း အဲ့ဗိုလ်မှူးမသေဘဲ မိန်းမသေပြီး ကလေး ထိသွားတယ်ဆိုတော့ ဘယ်အဖွဲ့မှ တာဝန်မယူဘဲ ခေါင်းရှောင်နေတော့ မြို့ထဲကသူတွေက ထိတာပေါ့။ တချို့ဆို ဘာမှမလုပ်ဘဲ ဖမ်းခံရပြီး သေသလား ရှင်သလားတောင် မသိတော့ဘူး။”
ကျိုက်ထိုမြို့မှာ အငြိမ်းစားဒုဗိုလ်မူးကြီး ဦးအောင်လွင် ပစ်ခတ်ခံရပြီးတည်းက စစ်ကောင်စီတပ်သားတွေက မြို့တွင်းမြို့ပြင် စစ်ဆေးရေး တင်းကျပ်နေသလို တညလုံး ကင်းလှည့်နေတာကြောင့် မနက် ၂ နာရီခွဲကျော်မှာ စတင်အရောင်းအဝယ်ဖြစ်နေတဲ့ ရှမ်းဈေးအပြင်တန်း ဈေးသည်တွေမှာ မနက် ၅ နာရီကျော်မှ ထွက်နေရတာကြောင့် အရောင်းထက်ဝက်လောက် ကျသွားတယ်လို့ ဈေးသည်တဦးက ပြောပါတယ်။
အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်ဟာ ကျိုက်ထိုမြို့နယ် ဝိုင်အမ်ဘီအေအဖွဲ့ အမှုဆောင်တဦးဖြစ်သလို စစ်ကောင်စီဝါဒဖြန့် အမဲလိုက်မုဆိုး တယ်လီဂရမ်ချန်နယ် တည်ထောင်သူလည်း ဖြစ်ပါတယ်။










