အိန္ဒိယနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ ဓာတ်ငွေ့အကျပ်အတည်း ပြဿနာနဲ့ ပတ်သက်ပြီး အတိုက်အခံလွှတ်တော်အမတ်တွေဟာ မတ် ၂၅ ရက်မှာ လွှတ်တော်အပြင်ဘက်မှာ စုဝေး ဆန္ဒပြခဲ့ပါတယ်။
"ဗလာဖြစ်နေတဲ့ ဓာတ်ငွေ့အိုးတွေနဲ့၊ ဗလာနတ္ထိ ကတိတွေ" လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း အီရန်စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ ချက်ပြုတ်ရေး ဓာတ်ငွေ့ပြတ်လပ်မှုနဲ့ပတ်သက်ပြီး အစိုးရက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
ဓာတ်ငွေ့ရည် (LPG)ကို ကမ္ဘာ့ဒုတိယအများဆုံး တင်သွင်းသူ အိန္ဒိယဟာ အမေရိကန်-အစ္စရေးနဲ့ အီရန်အကြား စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြားက တဆင့် စွမ်းအင်တင်ပို့မှုတွေ အနှောင့်အယှက် ဖြစ်ပြီးတဲ့နောက် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဓာတ်ငွေ့အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ်က LPG ချက်ပြုတ် ဓာတ်ငွေ့ မက်ထရစ်တန်ချိန် ၃၃ ဒသမ ၁၅ သန်းကို သုံးခဲ့ပြီး တင်သွင်းမှုက လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်း လောက် ရှိနေပါတယ်။
တင်သွင်းမှုရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အရှေ့အလယ်ပိုင်းကနေ လာခဲ့တာပါ။ ဂျာခန်ပြည်နယ်က ဥပဒေပြုအမတ် မာဟွာမာဂျီက မြို့ငယ်လေးတွေမှာ LPG အတွက် လူတန်းရှည်ကြီး တန်းစီစောင့်ဆိုင်းနေရပြီး အစိုးရအနေနဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ မဟာဗျူဟာကို ထုတ်ပြောဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters










