DVB Logo
Home
Lead Story
လွတ်လပ်ရေးတိုက်ပွဲဝင်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နာဂျက်စ်မိုဟမ်မက်ဒီ
DVB
·
October 8, 2023
လွတ်လပ်ရေးတိုက်ပွဲဝင်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နာဂျက်စ်မိုဟမ်မက်ဒီ
Donate to DVB

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေကြောင့် လက်ရှိမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အီရန်နိုင်ငံသူ နာဂျက်စ် မိုဟမ်မက်ဒီက ရရှိခဲ့ပါတယ်။

နာဂျက်စ်မိုဟမ်မက်ဒီဟာ အီရန်နိုင်ငံမှာ သေဒဏ်ပေးမှု ဖျက်သိမ်းဖို့နဲ့ သူကိုယ်တိုင် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခံယူခဲ့ရတဲ့ သီးခြားချုပ်နှောင်မှု ဖျက်သိမ်းရေး တောင်းဆိုဖို့ လူထုကိုလှုံ့ဆော်မှုတွေကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလုံးနီးနီး အီရန်အစိုးရရဲ့ အကျဉ်းချထိန်းသိမ်းခြင်းခံထားခဲ့ရသူ ဖြစ်ပါတယ်။

ငယ်စဉ်ဘဝနဲ့ ပညာရေး

မိုဟမ်မက်ဒီကို အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်က လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုရှိစေရေးဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မိသားစုအတွင်း ၁၉၇၂ ခုနှစ် ဧပြီလ ၂၁  ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ မိုဟမ်မက်ဒီရဲ့ ဖခင်ဖြစ်သူဟာလည်း အီရန်တော်လှန်ရေးကာလမှာ သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ကျခဲ့ဖူးသူဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာလည်း တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာမ ဖြစ်ပါတယ်။

မိုဟမ်မက်ဒီဟာ တီဟီရန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို သင်ကြားခဲ့ပြီး တက္ကသိုလ်တက်နေစဉ် ကာလအတွင်း ကျောင်းသားအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာ ဥပဒေဘွဲ့ရရှိခဲ့ပြီး အဲဒီတက္ကသိုလ်မှာပဲ နိုင်ငံတကာဥပဒေဘာသာရပ်အတွက် မာစတာဘွဲ့ရတဲ့အထိ ဆက်လက်တက်ရောက်ခဲ့ပါတယ်။

အလုပ်အကိုင်နဲ့ လှုပ်ရှားမှုများ

မိုဟမ်မက်ဒီဟာ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဥပဒေဘွဲ့မရခင် သူ့ရဲ့အသက် ၂၈ နှစ်၊ ၁၉၉၀ ပြည့်နှစ်မှာတည်းက စတင်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အီရန်နိုင်ငံသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှီရင်အီဘာဒီတည်ထောင်ခဲ့တဲ့ အီရန် လူ့အခွင့်အရေးကာကွယ်သူများ စင်တာ (Defenders of Human Rights Center) အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

သူဟာ အီရန်နိုင်ငံက အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေး၊ အီရန်နိုင်ငံမှာ သေဒဏ်ပေးမှုပပျောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ရေး အစရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပညာရေးကို အီရန်နိုင်ငံမှာ စည်ပင်ပြန့်ပွားအောင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူလည်းဖြစ်သလို လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုရှိစေရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လူထုစည်းရုံးရေးပွဲပေါင်းများစွာမှာ ပါဝင်ခဲ့ပါတယ်။

အကျဉ်းချဖမ်းဆီးခံရမှုများ

လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်တွေကြောင့် မိုဟမ်မက်ဒီဟာ အကြိမ်ကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အတိုက်အခံတွေအပေါ် ဖိနှိပ်ဖြိုခွင်းတဲ့ အီရန်အစိုးရရဲ့လုပ်ရပ်ကို ငြိမ်းချမ်းစွာဆန္ဒပြရာမှာပါဝင်ခဲ့တာကြောင့် ၂၀၀၂ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှု၊ နိုင်ငံတော်လုံခြုံရေးချိုးဖောက်ရန် ပူးပေါင်းကြံစည်မှုတွေနဲ့ ၁၈ လ ကြာထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၃ ခုနှစ်မှာ ထောင်ကပြန်လွတ်လာခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ သူရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေကြောင့် ထပ်မံဖမ်းဆီးခံရပြီး အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှု၊ နိုင်ငံတော်လုံခြုံရေးချိုးဖောက်ရန် ပူးပေါင်းကြံစည်မှု၊ သမ္မတကို စော်ကားမှုတွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၁၁ ခုနှစ်မှာ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကြောင့် ၂၀၁၅ ခုနှစ်မှာ ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံခဲ့ရပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မိုဟမ်မက်ဒီကို အီရန်အစိုးရက စုစုပေါင်း ၁၃ ကြိမ်ဖမ်းဆီးခဲ့ပြီး အီရန်တရားရုံးက ၅ ကြိမ်အပြစ်ရှိကြောင်း အမိန့်ချခဲ့ပါတယ်။ မိုဟမ်မက်ဒီကို အပြစ်ပေးချမှတ်ခဲ့တဲ့ ထောင်ဒဏ် စုစုပေါင်း ၃၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၅၄ ချက်ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးအကြိမ် ဖမ်းဆီးခံထားရပြီး ပြစ်မှုအမျိုးမျိုးအတွက် အီရန်မြို့တော် တီဟီရန်ရဲ့ အဲဗင်အကျဉ်းထောင်အတွင်းမှာ ထောင်ဒဏ် ၁၂ နှစ်ကျခံနေရတဲ့ မိုဟမ်မက်ဒီဟာ နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ကျခံရဖို့ ရှိနေဆဲဖြစ်ပါတယ်။

အသိအမှတ်ပြု ဆုတံဆိပ်များ

မိုဟမ်မက်ဒီဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် ၂၀၁၈ ခုနှစ်မှာ ရရှိခဲ့တဲ့ Ludovic-Trarieux နိုင်ငံတကာလူ့အခွင့်အရေးဆုအပါအဝင် ဂုဏ်ပြုချီးမြှင့်မှုနဲ့ ဆုတံဆိပ်အမြောက်အမြားကို ရရှိခဲ့ပါတယ်။ Ludovic-Trarieux လူ့အခွင့်အရေးဆုဟာ လူ့အခွင့်အရေးကိုကာကွယ်ရေးအတွက် ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေနဲ့ ရှေ့နေတွေကို နှစ်စဉ်ပေးနေတဲ့ဆု တစ်ခုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ၂ နှစ်တစ်ခါပေးတဲ့ American Physical Society ရဲ့ Andrei Sakharov ဆုကိုလည်းရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ American Bar Associationက ပေးတဲ့ လူ့အခွင့်အရေးဆု၊ ၂၀၁၇ ခုနှစ်မှာ နော်ဝေနိုင်ငံ လူ့အခွင့်အရေးအဖွဲ့အစည်း Fritt Ord က ပေးတဲ့ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခြင်းဆု (Freedom of Expression Award)၊ ၂၀၁၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံကပေးတဲ့ လူ့အခွင့်အရေးဆု အပါအဝင် သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကြောင့် အသိအမှတ်ပြု ဆုအမြောက်အမြား ရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ Swedish Olof Palme Foundation ရဲ့ Olof Palme Prize ကို ယူကရိန်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာတာချူမာလို၊ တူရကီနိုင်ငံက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အီရန်ခီစကင်တို့နဲ့ ပူးတွဲရရှိခဲ့သလို PEN America ရဲ့ PEN/Barbey Freedom to Write ဆု၊ UNESCO/Guillermo Cano World Press Freedom Prize ကို လူ့အဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာတွေ ရေးသားသူ အီရန် အမျိုးသမီးသတင်းထောက်တွေဖြစ်တဲ့ အီလာဟီမိုဟမ်မဒီနဲ့ မီလိုဖာဟာမီဒီတို့နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ အခုထပ်ပြီး ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့ပြီး ဆွီဒင်ခရိုနာငွေ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) ရရှိမှာဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ လူ့အခွင့်ရေး၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်ခဲ့သူ ဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဆုရွေးချယ်ပေးအပ်တာလို့ နော်ဝေ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နော်ဝေနိုင်ငံရဲ့ နိုဘယ်ဆုကော်မတီ အကြီးအကဲဖြစ်သူကတော့ မိုဟာမက်ဒီကို “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတဦး” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရဲ့ ကြွေးကြော်သံတွေထဲက တခုဖြစ်တဲ့ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” ဆိုတဲ့ စကားလုံးတွေနဲ့အတူ ကော်မတီအကြီးအကဲဖြစ်သူက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“အီရန်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ကန့်သတ်မှုကို ဆန့်ကျင်တွန်းလှန်မှု အပါအဝင် လူသားအားလုံးအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု မြှင့်တင်နိုင်ဖို့အတွက် နာဂျက်စ် မိုဟာမက်ဒီရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုလို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ နိုဘယ်လ်ဆု ကော်မတီရဲ့ ဥက္ကဋ္ဌ ဘဲရစ် ရိုက်စ် အန်ဒါဆန်က မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ လူသိန်းပေါင်းများစွာအတွက် ဒီဆုနဲ့အတူ အသိအမှတ်ပြုမှု ဖြစ်တယ်လို့လည်း ရိုက်စ် အန်ဒါဆန်က ပြောကြားပါတယ်။

မိသားစုဘဝ

မိုဟမ်မက်ဒီဟာ ကလေး နှစ်ယောက်အမေ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်ပါတယ်။ သူရဲ့ အမျိုးသား တက်ဂ်ဟီအမ်မီရာနီဟာ အီရန်က နာမည်ကြီးသတင်းထောက်ဖြစ်သလို လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေကြောင့် အကြိမ်ကြိမ် ထောင်ကျခဲ့ပါတယ်။ မိုဟမ်မက်ဒီတို့ မိသားစုဟာ သူတို့ရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် မကြာခဏဖိနှိပ်အနိုင်ကျင့်မှုတွေနဲ့ ကြုံရသလို သူတို့ရဲ့ ကလေးတွေကိုလည်း အီရန်မှာ ပညာသင်ကြားခွင့်ပိတ်ပင်ထားပါတယ်။

မိုဟမ်မက်ဒီမှာ အာရုံကြောမူမမှန်မှုကြောင့် အကြောဆိုင်းတတ်တဲ့ရောဂါရှိသလို ဆီးချိုနဲ့ နှလုံးရောဂါခံစားနေရတာ အပါအဝင် ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရပေမဲ့ ထောင်အာဏာပိုင်တွေက မှန်ကန်ကောင်းမွန်တဲ့ ဆေးကုသခွင့်မပေးဘူးလို့ သိရပါတယ်။

ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အတားအဆီးတွေ ရှိနေပေမဲ့  မိုဟမ်မက်ဒီဟာ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ရှေ့နေအလုပ်ကို ဆက်လက်လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားသူဖြစ်ပြီး အီရန်နိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမယ့်သူ ပဲဖြစ်ပါတယ်။

ဥဿာဆန်း

Ref: CNN/Reuters/Wikipedia

Photo- Nobel Prize

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013