DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များ၏ ဇီဝအချက်အလက်များ မှတ်တမ်းကောက်ယူရန် မီဇိုရန်ငြင်းဆို
DVB
·
October 8, 2023
မြန်မာဒုက္ခသည်များ၏ ဇီဝအချက်အလက်များ မှတ်တမ်းကောက်ယူရန် မီဇိုရန်ငြင်းဆို
Donate to DVB

မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေရဲ့ ဇီဝအထောက်အထား အချက်အလက်တွေကို မှတ်တမ်းကောက်ယူဖို့ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက ညွှန်ကြားထားတာကို အိန္ဒိယ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မီဇိုရမ်ပြည်နယ်ကတော့ လိုက်နာဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ သူတို့အမြင်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သတ်မှတ်ထားတဲ့ မီဇိုရမ်နဲ့ မဏိပူရပြည်နယ်ထဲတွေထဲက မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ ဇီဝအထောက်အထားဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းကောက်ယူဖို့ ပြီးခဲ့တဲ့ ဧပြီလက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြတဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်ထဲမှာ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ထဲက မီဇိုသွေးနှောသူတွေဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားက ခြံစည်းရိုးမခတ်ထားတဲ့ နယ်စပ်နယ်နိမိတ်မျဉ်းဟာ အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ ကီလိုမီတာ ၅၂၀၊ နာဂလန်းပြည်နယ်မှာ ၂၁၅ ကီလိုမီတာ၊ မဏိပူရပြည်နယ်မှာ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ်ပြည်နယ်မှာ ၅၁၀ ကီလိုမီတာနဲ့ စုစုပေါင်း  ၁၆၄၃ ကီလိုမီတာရှည်လျားပါတယ်။ အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်က တိုင်းနဲ့ပြည်နယ်တွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ပဲ ဖြစ်ပါတယ်။

မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တွေထဲက နယ်စပ်နယ်နိမိတ်မျဉ်းရဲ့ နှစ်ဘက်လုံးမှာ နေထိုင်ကြသူတွေဟာ နေထိုင်မှုပုံစံအနည်းငယ်ကွဲပြားပေမဲ့ သူတို့ရဲ့ ဘာသာစကား၊ အစားအသောက်၊ ကိုးကွယ်ရာဘာသာနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကတော့ အတူတူပဲဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီရရှိရေး ဆန္ဒပြခဲ့သူတွေကို မြန်မာစစ်တပ်က ဖြိုခွင်းခဲ့ရာမှာ ချင်းလူမျိုးအမြောက်အမြား မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ကြပြီး အဲဒီမှာပဲဆက်လက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေအတွင်း နယူးဒေလီက ဗဟိုအစိုးရနဲ့ Mizo National Front (MNF) လက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ခံအားပေးတဲ့ ဒေသခံတိုင်းရင်းသားတွေအကြား နိုင်ငံရေးမသင့်မြတ်မှုတွေဖြစ်ပွားခဲ့တဲ့အချိန်မှာ မီဇိုအမြာက်အမြားဟာ မြန်မာနိုင်ငံထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ Mizo National Front (MNF) လက်နက်ကိုင်တပ်ဖွဲ့ဟာ အခုချိန်မှာ မီဇိုရမ်ပြည်နယ်ရဲ့ အာဏာရပါတီလည်းဖြစ်ပါတယ်။

ဒါကြောင့် အဲဒီဒေသရဲ့ နယ်စပ်မျဉ်းပေါ်မှာ ဘယ်တုန်းကမှ ခြံစည်းရိုးမခတ်ခဲ့ကြပါဘူ။း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး မဖြစ်ပွားမီအချိန်အထိ နယ်စပ်မျဉ်းရဲ့နှစ်ဖက်လုံးမှာ နေထိုင်ကြသူတွေဟာ နယ်စပ်မျဉ်းကနေ ၁၆ ကီလိုမီတာအတွင်း ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားရောက်နေထိုင်ခွင့် ရှိကြပါတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် MNF ရဲ့ ခေါင်းဆောင်ဖြစ်သူ ဇိုရမ်သန်ဂါဟာ ဗဟိုအစိုးရက ညွန်ကြားခဲ့တဲ့ နယ်စပ်ကိုပိတ်ဆို့ထားဖို့ ညွှန်ကြားချက်တွေကို မသိကျိုးကျွံပြုနေခဲ့ပါတယ်။

မဏိပူရပြည်နယ်မှာတော့ အခြေအနေတွေက ပိုပြီးတော့ဆိုးရွားပါတယ်။ ပြီးခဲ့တဲ့မေလအစောပိုင်းမှာ အစိုးရထောက်ပံ့မှုတွေကို ခွဲဝေယူရာမှာ မျှတမှုမရှိတာကြောင့် (မြန်မာနိုင်ငံဘက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ဖူးတဲ့ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေနဲ့ သွေးစပ်တဲ့) ဒေသခံ လူနည်းစု  Kuki တိုင်းရင်းသားတွေနဲ့ ဒေသခံ အင်အားကြီး Meitei မျိုးနွယ်စုတွေကြား ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။

မဏိပူရပြည်နယ်ထဲက လက်နက်နဲ့ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းတွေကို မြန်မာနိုင်ငံသား ဒုက္ခသည်တွေက ကူညီအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနပေမဲ့ ခိုင်လုံတဲ့အထောက်အထား အချက်အလက်တွေမရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မဏိပူရ ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး အမျိုးသားရာဇဝတ်မှု မှတ်တမ်းဌာနရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေရဲ့ ဇီဝအထောက်အထား မှတ်တမ်းတွေကို စတင်ကောက်ယူခဲ့ပါတယ်။

လက်ရှိမှာ အခက်အခဲတွေရှိနေတာကြောင့် အဲဒီစီမံကိန်းပြီးမြောက်တဲ့အထိ ဆောင်ရွက်နိုင်ရေး အတွက် မှတ်တမ်းကောက်ယူရေးကာလကို သက်တမ်းတိုးပေးဖို့ မဏိပူရပြည်နယ်အစိုးရက တောင်းဆိုခဲ့ရာ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၆ လ သက်တမ်းတိုးပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသား ၁ သန်းကျော်နေထိုင်တဲ့ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံက လာရောက်ခိုလှုံသူ ၃၀၀၀၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လာရောက်ခိုလှုံနေသူ ၃၀၀၀၀ ခန့်စီရှိတယ်လို့ ပြည်နယ်ရဲ့ သတင်းအချက်အလက်နဲ့ ပြည်သူ့ဆက်ဆံရေးဝန်ကြီး လယ်ရူရတ်ကီမာက တွက်ချက်ခန့်မှန်းထားပါတယ်။

လူသားချင်းစာနာထေက်ထားမှုကို အရင်ခံပြီး မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေရဲ့ ဇီဝအထောက်အထားတွေကို မှတ်ယူခြင်းမရှိကြောင်းနဲ့ တကယ်လို့ သူတို့ဆီမှာသာ အချက်အလက်တွေရှိနေပြီဆိုရင် ဗဟိုအစိုးရက ဒုက္ခသည်တွေကို နှင်ထုတ်တော့မှာ ဖြစ်ကြောင်း ဝန်ကြီး လယ်ရူရတ်ကီမာက Indian Express သတင်းဌာနကို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံကနေ ဒီမှာလာရောက်နေထိုင်ကြသူတွေဟာ ကျနော်တို့ရဲ့ ဆွေမျိုးတွေဖြစ်တယ်။ ဗြိတိသျှလက်ထက်က နယ်နိမိတ်မျဉ်းရေးဆွဲတဲ့အခါမှာ ကျနော်တို့ရဲ့ ဘိုးဘေးဆွေမျိုး တချို့တွေက မြန်မာဘက်အခြမ်းကိုရောက်သွားတယ်။ ဒါက မီဇိုလူမျိုးတွေရဲ့ အခြေအနေပဲ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ သူတို့ ဒီဘက်မှာ လာနေကြတာပဲ” လို့  ဝန်ကြီး လယ်ရူရတ်ကီမာက  ပြောပါတယ်။

ဒီအရေးဟာ အခုနှစ်ကုန်မှာကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲနဲ့လည်း ဆက်စပ်နေကြောင်း သူကပြောပါတယ်။ “ဒါဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ ရွေးကောက်ပွဲ မပြီးမချင်း ကျနော်တို့ ဒီကိစ္စကို ထိလို့မဖြစ်ဘူး” လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါနဲ့ သူ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်ဦးမှာ ဖြစ်တာကြောင့် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒုက္ခသည်တွေရဲ့ ဇီဝအထောက်အထား မှတ်တမ်းတွေကို ကောက်ယူခြင်းမလုပ်တာဖြစ်မယ်လို့ စောင့်ကြည့်လေ့လာသူတွေက ယူဆကြပါတယ်။

ဒုက္ခသည်တွေရဲ့ ဇီဝအထောက်အထားမှတ်တမ်းယူတာကို ကမ္ဘာ့နိုင်ငံတချို့မှာ ပြုလုပ်နေကြပြီး အဲဒီလို မှတ်တမ်းကောက်ယူထားတာကြောင့် အကူအညီတွေ ပေးရာမှာ အထောက်အပံ့ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီလို မှတ်တမ်းရှိနေတာဟာလည်း အစိုးရရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုမှ အာခံတော်လှန်နိုင်ခြင်းမရှိတဲ့ အားနည်းသူတွေရဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးတွေ ချိုးဖောက်ခံရဖို့ အားပေးရာရောက်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ မျှဝေပေးတာကြောင့်  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်ခဲ့ဖူးပါတယ်။

အဲဒီနောက် ဒုက္ခသည်တွေကို လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုပေးနိုင်တဲ့ အခြေအနေမရှိသေးတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေကို ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီအချက်အလက်တွေကို မြန်မာစစ်အာဏာရှင်တွေဆီ ထပ်မံမျှဝေပေးခဲ့တဲ့ သမိုင်းရှိခဲ့ကြောင်း Asia News သတင်းမှာ ရေးသားဖော်ပြပါတယ်။

Source-ASIA NEWS/PHOTO-THE WIRE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013