Home
မြန်မာသတင်း
ရာထူးတိုးရန် ဆရာ/ဆရာမများက ကျောင်းအုပ်များကို လာဘ်ပေးနေရ
DVB
·
October 8, 2023

မြန်မာပြည်တွင်း အခြေခံပညာကျောင်းက ဆရာဆရာမတွေဟာ လက်ထောက်အဆင့်ကနေ ရာထူးတိုးဖို့အတွက် ကျောင်းအုပ်တွေကို လာဘ်ပေးနေရတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။

အခြေခံပညာကဏ္ဍမှာ လက်ထောက်မူလတန်းပြ၊ လက်ထောက်အလယ်တန်းပြ၊ လက်ထောက်အထက်တန်းပြဆိုတဲ့ ရာထူးအဆင့်တွေရှိပြီး လက်ထောက်အဆင့်ကနေ မူလတန်းပြ၊ အလယ်တန်းပြအဆင့်တွေရဖို့အတွက် ကျောင်းအုပ်တွေကို လာဘ်ပေးနေရတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတဦးက ပြောပါတယ်။

“တိုင်းရုံးတွေကနေ လက်ထောက်စာရင်းတွေ တောင်းနေပြီ။ တချို့လက်ထောက်တွေက မွန်းမံသင်တန်းတွေ မတက်ရသေးဘူး။ ရာထူးတိုးချင်တော့ ကျောင်းအုပ်တွေကို ပိုက်ဆံပေးပြီး စာရင်းထဲမှာပါဖို့ လုပ်နေကြတာ။”

ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေပေမယ့် တင်ပြအရေးယူတာမျိုးတွေမရှိဘဲ အခြားအရာရှိတွေကလည်း မသိကျွန်းကျွံပြုထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ၂၀၂၁ ခုနှစ်က ပညာရေးဒီဂရီကောလိပ်တွေမှာ မွန်းမံသင်တန်း ၁ လတက်ရောက်ခဲ့တဲ့ လက်ထောက်မူလတန်းပြ၊ လက်ထောက်အထက်တန်းပြတွေရဲ့ စာရင်းတွေကို အခြေခံပညာဦးစီးဌာနကို အခုလ ၁၆ ရက်နေ့ နောက်ဆုံးထား ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာက ဆရာဆရာမ အများအပြားဟာ CDM ပြုလုပ်သွားတာကြောင့် ဆရာအင်အားကို အရေးပေါ်ဖြည့်ဆည်းဖို့အတွက် ပညာရေးသင်တန်းတွေ မတက်ရောက်ဖူးတဲ့ ပြင်ပက ဘွဲ့ရတွေကို လက်ထောက် ဆရာဆရာမတွေအဖြစ် အရေးပေါ်ခန့်ထားခဲ့ရကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မွန်းမံသင်တန်း ၁ လပေးပြီး လက်ရှိအချိန်ထိ လက်ထောက်တွေအဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။

ယခင်ကအခြေခံပညာကဏ္ဍမှာ ဆရာဆရာမအင်အား ‌၄ သိန်းကျော်အထိ ရှိခဲ့ပေမယ့် ဆရာအင်အားနဲ့ ကျောင်းသားအင်အားမမျှတမှုတွေဖြစ်ပေါ်ခဲ့ပြီး အခုအခါမှာလည်း စနစ်သစ်ပညာရေးကြောင့် အတန်းတွေတိုးလာခဲ့ပြီး ဆရာလိုအပ်ချက်ကလည်း ပိုမိုကြီးမားနေတယ်လို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024