
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ချင်းပြည်နယ်၊ မတူပီနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ရဲနဲ့စစ်သား ၇ ယောက်သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာဒေသက ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ အောက်တိုဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ CDF-မတူပီဆီကနေ သိရပါတယ်။
မတူပီ-ဟားခါးလမ်းပေါ်က ခရိုင်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ဟာ အောက်တိုဘာ ၆ ရက်နေ့ နေလယ် ၁၂ နာရီလောက်မှာ ငလိုင် ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ ခရိုင်ရုံးနဲ့ ငလိုင်ကျေးရွာကြားမှာ လက်နက်ကြီး ပစ်ကူပေးပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF-မတူပီရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဂျွမ်းကိန်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး နောက်ပြန်ဆုတ် သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ခရိုင်ရုံးမှာ ပြန်လည်နေရာယူပြီး အဲဒီကနေ တော်လှန်ရေးတပ်တွေရှိမယ်ထင်တဲ့ဘက်ကို ညနေ ၄ နာရီအထိ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့ကြပေမယ့် ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းနယ်မြေရဲကင်းစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်း၊ ယောဒေသတပ်ဖွဲ့က အောက်တိုဘာ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲ ၁ ယောက်သေဆုံးတယ်လို့ ABSDF Column-3 က ထုတ်ပြန်ပြောဆိုပါတယ်။
ABSDF Column-3 သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက "တောင်ခင်ရန်း ရဲစခန်းထဲမှာ ကတုတ်ကျင်းတူးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေကို သွားရောက် ပစ်ခတ်ခဲ့တာ ရဲ တစ်ယောက်သေတယ်" လို့ ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် PDF တပ်ရင်း၊ ပ.က.ဖ တွေနဲ့ ABSDF အဖွဲ့တို့ ပူးပေါင်းခဲ့တာဖြစ်ပြီး သေသွားတဲ့ရဲကို တောင်ခင်ရန်းရဲစခန်းထဲကို သယ်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဆားလင်းကြီးမြို့နယ်ဘက်ကနေ ထွက်လာတဲ့ ကား ၁၈ စီးပါ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးလိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စပါးစေ့ကျေးရွာ အရှေ့ဘက်မှာ ABSDF အမှတ် ၁၄ တပ်ရင်း၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ဗမ့ာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး(B.L.D.F)၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း နန်းတောင်ရွာနဲ့ မှော်မိရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်ကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၃ ရက် မနက် ၉ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံး၊ ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။
ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “စကစဘက်က စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ တိုက်မိုင်း ၄ လုံး ပေါက်တယ်။ နှစ်ဖက်ထိတွေ့မှုတော့ မဖြစ်ပါဘူး။ စကစဘက်က မိုင်းဆွဲခံရပြီးတဲ့နောက် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် တပ်သားတဝက်ဟာ ကျောင်းနိမ့်-ပိန္နဲတောင်ဘက်ကို စစ်ကြောင်းထိုးပြီး ကျန်တပ်သားတဝက်က နန်းတောင်ဘက်မှာ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက ကျောင်းနိမ့်ရွာနဲ့ ပိန္နဲတောင်ရွာကို လက်နက်ကြီးနဲ့ ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ပုလောမြို့နယ်က မှော်မိရွာ၊ ဂျင့်ဂါရွာ၊ တောင်ပုလဲရွာ၊ ဝက်တိုးရွာ၊ ကျောင်းနိမ့်ရွာနဲ့ ပိန္နဲတောင်ရွာက ဒေသခံတွေဟာ စစ်ရှောင်စခန်း၊ နီးစပ်ရာ မြို့နဲ့ ရွာတွေမှာ စစ်ရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။











