မန်စီးတီးအသင်းကနေ ထွက်ခွာတော့မဲ့ နည်းပြ ပက်ဂွါဒီယိုလာဟာ သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ ဘာစီလိုနာမြို့ရဲ့ အထူးသီးသန့်ရပ်ကွက်မှာရှိတဲ့ ပေါင် ၁၃ သန်းခွဲတန် ဇိမ်ခံအိမ်ကြီးတလုံးကို ဝယ်ယူဖို့ မျက်စိကျနေကြောင်း သတင်းတွေအရ သိရပါတယ်။
စိတ်ဝင်စားစရာက အဆိုပါအိမ်ကြီးဟာ သူခွဲခွာနေထိုင်တဲ့ ဇနီးဖြစ်သူ ခရစ္စတီးနား ဆီယာရာရှိရာ အိမ်ဟောင်းနဲ့ ကိုက် ၁၀၀ လောက်သာ ကွာဝေးတဲ့နေရာမှာ ရှိနေတာပါ။
၂၀၂၄ ခုနှစ်က မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးမှုကြောင့် သူတို့ဇနီးမောင်နှံ လမ်းခွဲပြတ်စဲဖို့အထိ ဖြစ်ခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ အိမ်ထောင်ရေး ပြန်လည်အဆင်ပြေဖို့ ကြိုးစားနေကြပြီး ဂွါဒီယိုလာအနေနဲ့ မိသားစုကို အချိန်ပိုပေးနိုင်မဲ့ နိုင်ငံတကာအသင်းနည်းပြအလုပ်မျိုးကို ပြောင်းလဲကိုင်တွယ်ဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။
ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ပွဲစဉ်မှာ ဘုန်းမောက်နဲ့ တဖက်တဂိုးစီ သရေကျခဲ့တာကြောင့် ပြိုင်ဘက် အာဆင်နယ်အသင်းကို လိုက်မမီနိုင်တော့ဘဲ အမှတ်ပေးဇယားမှာ ဒုတိယနေရာကနေပဲ ရာသီပိတ်သိမ်းရဖို့ ရှိနေတာပါ။
အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာဟာ အီတီဟတ်ကွင်းမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဆုဖလား ၂၀ အထိ ရယူပေးခဲ့ကာ လာမဲ့တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာနဲ့ ဘိုင်ယန်မြူးနစ် နည်းပြ ဗင်းဆင့်ကွန်ပနီတို့ကို ထိပ်ဆုံးက လျာထားပါတယ်။










