DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် အရပ်သား ၅၀၀ ကျော်သေဆုံး
DVB
·
October 7, 2023
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် အရပ်သား ၅၀၀ ကျော်သေဆုံး
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရပ်သား ပြည်သူတွေအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းခံရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၅၂၄ ယောက်သေဆုံးခဲ့ပြီး စစ်တပ်က သတ်ဖြတ်လို့ သေဆုံးတဲ့အရပ်သားနဲ့ စစ်ဘေးရှောင်ရင်းသေဆုံးရသူတွေလို့ ခွဲခြားထားပြီး သာမာန် အရပ်သားတွေသေဆုံးမှုမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ မိုင်းနင်းမိပြီး သေဆုံးတာနဲ့၊ စစ်ကြောရေးမှာသေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတာတွေဖြစ်ပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “သတ်ဖြတ်မှုတွေကိုကြည့်ရင် ဒါတွေက ကြုံလို့သတ်ဖြတ်နေတာမဟုတ်ဘူး။ စနစ်တကျ သတ်ဖြတ်နေတာ။ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အရင်ကသုံးခဲ့တဲ့ ဖြတ် ၄ ဖြတ်နည်းလမ်းကိုပဲ ဗျူဟာကျကျ လုပ်ဆောင်နေတာ။ အရပ်သားတွေရှိမှန်းသိရက်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်၊ ဗုံးကြဲတယ်။ ဖမ်းမိတဲ့ အရပ်သားတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်တယ်” လို့ ပြောပါတယ်။

သာမာန်အရပ်သားသေဆုံးမှုမှာ ၃၈၂ ယောက်ရှိပြီး စစ်တပ်ရဲ့ဖမ်းဆီး သတ်ဖြတ်မှုကြောင့် သေဆုံးတာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

သာမာန်အရပ်သားတွေဟာ ၂၀၂၁ ခုနှစ်မှာ ၁၄၁ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၁၅၂ ယောက်နဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ၈၆ ယောက် သေဆုံးခဲ့ရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ တာဝန်ခံက “အရပ်သားသေဆုံးမှု စာရင်းကောက်ရမှာတော့ အပိုင်း ၇ ပိုင်းရှိမယ်။ အဓိက ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ မိုင်းနင်းမိပြီး သေဆုံးမှု၊ စစ်ကြောရေး၊ ထောင်မှာသေဆုံးမှု၊ လေကြောင်းပစ်ခတ်မှု၊ ရွာတွေထဲရိက္ခာပြန်သယ်တယ့်အခါ သေဆုံးမှုတွေရှိတယ်။ စစ်ရှောင်တွေက ဆေးဝါးမလုံလောက်မှုကြောင့် အဓိက သေဆုံးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို ဆေးဝါးနဲ့ ကုန်ပစ္စည်းသယ်ယူတာ ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေဟာ ဆေးဝါးရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၁၄၂ ယောက် သေဆုံးခဲ့တာမှာ အများစုက ဆေးဝါးမလုံလောက်တာကြောင့် ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူသေဆုံးမှုကတော့ ၂၀၂၁ ခုနှစ်မှာ ၂၈ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၉၆ ယောက်နဲ့ ၂၀၂၃ စက်တင်ဘာလအထိ ၁၈ ယောက် သေဆုံးခဲ့ပြီး  ဆေးဝါးမရတာကြောင့် သေဆုံးတာ၊ လက်နက်ကြီး ထိမှန်လို့ သေဆုံးတာ၊ စစ်ရှောင်စခန်းတွေမှာပိတ်မိချိန်မှာ စစ်တပ်က သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူ ကိုဗညားက “ကရင်နီပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို case တခုချင်းစီအလိုက် စာရင်းယူတယ်။ သက်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ပေးတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြအောင်ကြိုးစားပေးနေတယ်။ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အခွင့်အရေး ရှုထောင့် အရပဲ တချိန်မှာ တာဝန်ယူမှု တာဝန်ခံမှုရရှိအောင် ဥပဒေကြောင်းအရ တရားစွဲဆို နိုင်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲပေါင်း ၈၂၂ ကြိမ် ဖြစ်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃၃၃ ယောက် ကျဆုံးခဲ့တယ်လို့  တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013