
ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အားဟာ နိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းသွားတဲ့အခါ တပတ်သာ ခံလိမ့်မယ်ဆိုလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဗယ်လ်ဒိုင်း ဆွေးနွေးမှုကလပ်ဖိုရမ်မှာ သမ္မတ ပူတင် အနေနဲ့ အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပြီး အဓိကခေါင်းစဉ်တွေထဲမှာ ယူကရိန်းပဋိပက္ခလည်း တခုအပါအဝင် ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ရုရှားစီးပွားရေးဟာ စစ်ရေးအသုံးစရိတ် ကာမိအောင် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ပူတင်က အစောပိုင်းမှာ ပြောကြားထားပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်မှာ ပုံမှန်စိတ်ရှိတဲ့ ဘယ်သူကမှ ရုရှားအပေါ် နျူးကလီးယားလက်နက်တွေ အသုံးပြုလိမ့်မှာ မဟုတ်သလို အလားအလာရှိတဲ့ ရန်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ နျူးကလီးယား လက်နက်တိုက်အကြောင်း သိရှိထားပြီးဖြစ်တယ်လို့ ပူတင်က ပြောသွားပါတယ်။
ဆိုချီမြို့မှာပြုလုပ်သွားတဲ့ ဒီဖိုရမ်အတွင်း နျူးကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဆားမတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စနစ်အတွက် တည်ဆောက်မှု ပြီးစီးလုနီးပါး ဖြစ်နေပြီလို့လည်း အတည်ပြုပါတယ်။
နောက်ထပ် နျူးကလီးယားစွမ်းအင်သုံး ဘီရီဗစ်(စ်)နစ်ခ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကိုပါ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပူတင်ရဲ့ နှစ်စဉ်မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုပါတယ်။
Source/Photo-Reuters











