DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်လာဟု HURFOM အစီရင်ခံစာထုတ်ပြန်
DVB
·
October 6, 2023
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်လာဟု HURFOM အစီရင်ခံစာထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်ပွဲကို  လူမျိုး၊ ဘာသာ၊ ကျား မ မရွေး ပြည်သူအားလုံး ခံစားနေရတယ်လို့ မွန်ပြည်လူ့အခွင့်ရေး ဖောင် ဒေးရှင်း HURFOM က အောက်တိုဘာ ၅ ရက်မှာ အစီရင်ခံစာထုတ်ပြန် ပြောဆိုထားပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒေသခံ ပြည်သူလူထုရဲ့ လုံခြုံရေးကို များစွာခြိမ်းခြောက်လာနေသလို စစ်တပ်က အတင်းအကျပ် အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေပြီး လက်နက်မဲ့ ပြည်သူတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ နေရပ်စွန့်ခွာ ထွက်ပြေးနေကြသလို စစ်တပ်က ပြည်သူတွေကို နေ့စဉ်နဲ့အမျှလည်း ဖမ်းဆီးချုပ်နှောင်ပြီး စစ်ကြေားရေးနဲ့ အချုပ်ခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်နေကြောင်း အစီခံထားပါတယ်။ 

အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံတွေဟာ ၂၀၂၃ ခုနှစ်ဆန်းကနေ ဇွန်လအထိ ၆ လအတွင်း ပိုမိုများပြားလာကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

“အရေအတွက်အားဖြင့်ဆိုရင် ချိုးဖောက်မှုပုံစံတွေမှာ ပိုများလာတယ်။ ဥပမာ အိမ်တွေကို မီးရှို့ပစ်လိုက်တာတို့၊ ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ပြီးတော့ ဖျက်ဆီးပစ်လိုက်တာတို့၊ လူမရှိတော့တဲ့ အိမ်တွေ၊ ကသုတ်ကရိုက်နဲ့ ထွက်ပြေးသွားရတဲ့အိမ် တွေမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ တန်ဖိုးရှိပစ္စည်းတွေကို လုယူသွားတဲ့ကိစ္စတွေ၊ နောက်တခါ လုံခြုံရေးအရ ဘာမပြောညာမပြောနဲ့ ပစ်ခတ်ပြီးတော့ နှိပ်ကွပ်တဲ့ကိစ္စတွေတို့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်မှာကဲ့သို့ပဲ ပြင်းထန်နေတယ်။ တချို့ဒေသတွေမှာ ပိုများတယ်။ ဥပမာ တနင်္သာရီမြောက်ပိုင်း၊ ရေပြင်မြို့နယ်မှာဆိုလို့ရှိရင် အရင်တုန်းက ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ တွေ့ရင် ပစ်တယ်။ မမေးမြန်းဘဲ ပစ်ခတ်လိုက်တဲ့ တိုက်ရိုက်အရေးယူမှုတွေတောင် ရှိနေတယ်။ ဆိုတော့ အဲဒီလိုမျိုးကြီး ပြင်းထန်နေတဲ့ကာလတခုဖြစ်တယ်။ တော်တော်များများက တည်ဆဲဥပဒေတွေရ အသုံးပြုခြင်းမရှိဘဲ ဒီတိုင်းပဲ ပစ်ခိုက်တာတွေ၊ တိုက်ရိုက်အရေးယူတာတွေက ပြည်သူတွေအတွက် ဘယ်လိုမှ မခံနိုင်တဲ့ အနေအထားတွေ ရှိလာတယ်။” 

၂၀၂၃ ခု ဇန်နဝါရီလကနေ ဇွန်လထိ ဒေသခံ ပြည်သူ ၈၄၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၃၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၄၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မနှစ် ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ ကောက်ခံထားတဲ့ ကိန်းဂဏန်တွေထက် များစွာ စိုးရိမ်ဖွယ်ကောင်းနေကြောင်းလည်း ဆိုပါတယ်။ 

၂၀၂၂ ခုနှစ် တနှစ်လုံးအတွင်း အပြစ်မဲ့ပြည်သူ ၁၁၅၅ ဦး မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးသူငယ် ၂၆ ဦးအပါအဝင် ပြည်သူ ၁၄၆ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြပါတယ်။ 

ဒါ့အပြင် အခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း ကရင်၊ မွန် နဲ့ တနင်္သာရီဒေသတွေမှာ နေအိမ် ၄၈၀ မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာ ၆၈ ရွာ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါအပြင် ပြည်သူပိုင် အဆောက်အဦတွေဖြစ်တဲ့ ဘုရားရှိခိုးကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း၊ စာသင်ကျောင်း ၃၅ ကျောင်း နဲ့ ဆေးရုံ ၇ ရုံလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဖျက်ဆီးမှုတွေ ပြင်းထန်နေပေမယ့် အများပြည်သူတွေ သန္နိဋ္ဌာန်ချမှတ်ထားတဲ့ ခုခံတော်လှန်မှု ပိုပြီး အရှိန်ဟုန်မြင့်လာလာနိုင်တဲ့အတွက် မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေမှာ ရောက်ရှိနေသလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေမယ့် ဒီအကူအညီတွေပေးနိုင်ရေး နှောင့်နှေးကြန့်ကြာနေကြောင်းလည်း အစီခံစာမှာ ထောက်ပြထားပါတယ်။ 

“ဘယ်သူတွေရဲ့ နိုင်ငံရေးယုံကြည်ချက်အရ ဒီနိုင်ငံမှာ စစ်ရေးလုပ်လုပ် ပြည်သူတွေရဲ့ဘဝ လုံခြုံမှုတွေကို ထိပါးဖောက်ဖျက်ခံနေရတယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု ကြီးကြီးမားမား ဖြစ်မယ်ဆိုတဲ့ အနေအထားကို ဖော်ပြတာဖြစ်တယ်။ အခုကာလလည်း ပြီးခဲ့တဲ့ ၆ လတာကာလက ပိုပြီးတော့ကောင်းမလာဘူး။ ပိုပြီးတော့ ဆိုးဆိုးဝါးဝါးပဲ ဖြစ်နေတဲ့ အနေအထားကြားထဲမှာ ပြည်သူတွေက သူ့နည်းသူ့ဟန်နဲ့ တချို့ဆိုရင် ဘာအုပ်ချုပ်မှုမှမရှိဘူး။ ဘယ်သူ့လက်အောက်မှာမှ မရှိဘဲ သူ့နည်းသူ့ဟန်နဲ့ ပဋိပက္ခကို ရင်ဆိုင်ကျော်လွှား ရုန်းကန်နေရတဲ့အခါ ဒီကိစ္စတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားတဲ့ အသိုက်အဝန်းက၊ သို့မဟုတ် မူဝါဒ ရေးဆွဲရေးအဖွဲ့က သို့မဟုတ် သူတို့ကို တိုက်ရိုက် စားနပ်ရိက္ခာအကူအညီ ထောက်ပံ့နေတဲ့အဖွဲ့ လျစ်လျူမရှုဘဲနဲ့ သေသေချာချာ သူတို့ရဲ့ ဘဝဆက်ပြီး ရပ်တည်ရေးအတွက် ရှိတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးမှုတွေ ဆက်လက်ပေးဖို့ ကျနော်တို့က အထူးပဲ တောင်းဆိုတယ်”  လို့ နိုင်အဲမွန်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013