ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသရှိ ဟရိုးဇာကျေးရွာမှာ အောက်တိုဘာ ၅ ရက်က ဈာပန အခမ်းအနားတခု ကျင်းပနေတုန်း ရုရှားဒုံးကျည်တစင်း ကျရောက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ခါကိဗ်ဒေသ ကူးဖျန့်စ်ခ်ခရိုင်ရှိ ဟရိုးဇာရွာမှာ နေ့လယ်ဘက် အစောပိုင်းက ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့ ကော်ဖီဆိုင်နဲ့ ကုန်စုံဆိုင်ဟာ ပြိုကျပျက်စီးသွားခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလေး ဆိုင်နယ်ဟူဘော့ဗ်က ပြောပါတယ်။ အဲဒီအချိန်က အရပ်သားတွေ အများအပြား ရှိနေတယ်လို့လည်း ဆိုပါတယ်။
လူပေါင်း ၃၃၀ လောက်ရှိတဲ့ ကျေးရွာမှာ ဒေသခံတွေဟာ အဲဒီကော်ဖီဆိုင်မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတာဖြစ်ကြောင်းနဲ့ ဒေသဆိုင်ရာ အရာရှိတွေက စားသောက်ဖို့ ထိုင်နေကြတာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၁၉ လကျော်က ရုရှားကျူးကျော်မှုနောက်ပိုင်း ခါကိဗ်ဒေသမှာ အသေအပျောက်အများဆုံး ဖြစ်ကြောင်း ခါကိဗ်ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ယူကရိန်းအများပိုင် ရုပ်သံလွှင့်ဌာန ဆပ်စ်ပင်းလ်န်ကို ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတခုတည်းမှာ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ပုံရတယ်လို့လည်း ဆိုပါတယ်။
စပိန်နိုင်ငံမှာ ဥရောပခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားရဲ့ အကြမ်းဖက်လုပ်ရပ်ကို ရပ်တန့်သင့်တယ်လို့ ပြောပါတယ်။ မော်စကိုကတော့ ဟရိုးဇာရှိ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးပါဘူး။
Source/Photo-Reuters