DVB Logo
Home
အားကစား
နည်းပြနှင့် ကစားသမားများ၏ စည်းလုံးမှုကြောင့် ရွှေတံဆိပ်ဆုရဟု မြန်မာပိုက်ကျော်ခြင်း အဖွဲ့ ပြော
DVB
·
October 6, 2023
နည်းပြနှင့် ကစားသမားများ၏ စည်းလုံးမှုကြောင့် ရွှေတံဆိပ်ဆုရဟု မြန်မာပိုက်ကျော်ခြင်း အဖွဲ့ ပြော
Donate to DVB

အာရှအားကစားပြိုင်ပွဲမှာ  နိုင်ငံအတွက် ပထမဆုံး  ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တာဟာ  နည်းပြအဖွဲ့ ဝင်တွေနဲ့  ကစားသမားတွေရဲ့  စည်းလုံးမှုကြောင့်ဖြစ်တယ်လို့  မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား  သန့်ဇင်ထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲအတွင်း အောက်တိုဘာ ၄ ရက်နေ့ အမျိုးသားပိုက်ကျော်ခြင်း ၄ ယောက်တွဲ ပွဲစဉ်နောက်ဆုံး ဗိုလ်လုပွဲမှာ  မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၂  ပွဲပြတ် အနိုင်ရပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့တာပါ။

အခုလို အနိုင်ရတာနဲ့ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား သန့်ဇင်ထွန်းက" ဒါဟာ ကျနော်တို့အတွက် ဟန်ကျိုးမြို့မှာ ရယူနိုင်ခဲ့တဲ့ ပထမဆုံးရွှေတံဆိပ် ဆုဖြစ်ပါတယ်။ အလွန်ခက်ခဲခဲ့ပေမဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေရဲ့  စည်းလုံးမှုကြောင့် အခုလို ထိုက်တန်စွာ အနိုင်ရရှိခဲ့တာပါ။ ဒီဆုတံဆိပ်ကို အိမ်ပြန်ယူသွားနိုင်ဖို့အတွက်လည်း စိတ်ပိုင်းဖြတ်ခဲ့ကြပါတယ်”လို့  ရိုက်တာသတင်းဌာနကိုပြောပါတယ်။

မြန်မာအသင်းမှာ နည်းပြအဖြစ် ဦးအောင်ချိုမြင့်နဲ့ ဦးအောင်မျိုးဆွေတို့က တာဝန်ယူပြီး အသင်းသားတွေဖြစ် သန့်ဇင်ဦး(ဘောစိ)၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး(အာထစ်)၊ ဇင်ကိုကို၊ အောင်ခန့်သူ(ဘားသက်)၊ ရှိန်းဝဏ္ဏဇော်(ရှိန်းလေး) တို့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဗိုလ်ပွဲစဉ် မတိုင်ခင်တုန်းက အင်ဒိုနီးရှားအသင်းနဲ့ တွေ့ဆုံရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်တကြိမ် ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကို အနိုင်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနည်းပြ မြန်မာ့လက်ရွေးစင်ဟောင်း ဦးအောင်ချိုမြင့်က  "သူတို့ရဲ့ နည်းဗျူဟာအပေါ် လေ့လာခဲ့တဲ့ အပြင် ယုံကြည်မှုရှိစွာနဲ့ပါ ကြိုတင်ပြင်ဆင်ခဲ့တယ်”လို့  သတင်းထောက်တွေကို ပြောပါတယ်။

၃ ကျော့ယှဉ်ပြိုင်ရတဲ့ ဒီဖိုင်နယ်ပွဲစဉ်မှာ မြန်မာ က အင်ဒိုနီးရှားကို ၂၁-၁၃ နဲ့   ၂၄-၂၂ ရလဒ်နဲ့ အသားစီးယူ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနည်းပြ ရူစ်ဒီကတော့ ဒုတိယငွေတံဆိပ်ဆုရရှိမှုအပေါ် ကျေးဇူးတင်ပေမဲ့ ရွှေတံဆိပ်ဆုအတွက် အသေအချာပြင်ဆင်ခဲ့တယ်လို့ ခံစားရမိကြောင်း ပြောကြားပါတယ်။ 

"နှစ်သင်းစလုံးအနေနဲ့ ညီမျှမှုရှိတယ်လို့ ယူဆပါတယ်။ ဒီနေ့က ကျနော်တို့နေ့ မဟုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ် "ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းကို ပထမပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့အတွက် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။

ရွှေတံဆိပ်ဆုရရှိသွားတဲ့ ဗီယက်နမ်နိုင်ငံသူ သီငေါ့ ဟူရန် ငူယင်ကတော့ "အင်ဒိုနီးရှားနဲ့ တွေ့ဆုံချိန်တိုင်းမှာ အမြဲခက်ခဲလွန်းပါတယ်။ ဒါပေမဲ့လည်း ဒဏ်ရာတချို့ ရရှိခဲ့တဲ့ကြားက အတူတကွ ဆက်လက်ပြီး ယှဉ်ပြိုင်ခဲ့တာကြောင့် အသင်းအတွက် ဂုဏ်ယူမိပါတယ်၊ ကျမတို့လုပ်သမျှ အရာအားလုံးအတွက် ယုံကြည်မှုရှိပါတယ်" လို့ ပြောပါတယ်။

ခြေဖဝါး၊ ဒူး၊ ရင်ဘတ်နဲ့ ခေါင်းကို အသုံးပြုရတဲ့  ပိုက်ကျော်ခြင်း အားကစားနည်းကို အရှေ့တောင် အာရှဒေသအတွင်း လူကြိုက်များပေမဲ့ ကျန်တဲ့ဒေသတွေမှာတော့ ခြေထောက်နဲ့ကစားရတဲ့ ဘော်လီဘောလို့သာ လူတွေ သိထားကြပါတယ်။

အရှေ့တောင်အာရှ ကျေးလက်ဒေသတွေမှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ ပိုက်ကျော်ခြင်း (ခေါ်) ဆီပတ်ခ်တာခရော (Sepak takraw) အားကစားနည်းကို ဒေသတွင်းနိုင်ငံ အများအပြားက မူရင်းဖန်တီးသူအဖြစ် အပြိုင်အဆိုင် အခိုင်အမာပြောဆိုမှုတွေ ရှိနေပါတယ်။

တိုက်ရိုက်ဘာသာပြန်ရရင် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီရှားနိုင်ငံတို့မှာ "ဆီပက်ခ်" (Sepak) က "ကန်ကျောက် မှု" လို့ အဓိပ္ပာယ်ရပြီး တာခရော (Takraw) ကတော့ "ရက်လုပ်ဘောလုံး" ဆိုတဲ့ ထိုင်းစကားလုံး တစ်ခုပဲဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ရဲ့ အာရှအားကစားပြိုင်ပွဲမှာ စတင်ပါဝင်လာခဲ့တဲ့ ပိုက်ကျော်ခြင်း အားကစားနည်းဟာ အမြင့်ခုန်ကန်မှုတွေ၊ ခေါင်းအထက်ကျော်ကန်မှုတွေနဲ့ ကျွမ်းထိုးကန်ရတဲ့ ပုံစံတွေကြောင့် မျက်စိပဒေသ ဖြစ်စေတယ်လို့ လူသိများပါတယ်။

ဒေသအတွင်းကျော်ကြာတဲ့ နောက်ထပ် အားကစားနည်းတစ်ခုဖြစ်တဲ့ မီတာ-၂၀၀ နဂါးလှေပြိုင်ပွဲရဲ့ အမျိုးသားရော အမျိုးသမီးပွဲစဉ်မှာပါ အိမ်ရှင် တရုတ်နိုင်ငံအနေနဲ့  ရွှေတံဆိပ် သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ 

နဂါးလှေလှော် အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲမှာတော့ မြန်မာအမျိုးသမီးလှေလှော် အသင်းက တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

၁၉ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကြီးအတွင်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ တရုတ်က ဆုတံဆိပ်ပေါင်း ၃၀၀ ကျော်နဲ့ ဦးဆောင်ထားရာမှာ ရွှေတံဆိပ်ဆု ထက်ဝက်ကျော်အထိ ပါဝင်ပါတယ်။

၁၅ ရက်ကြာ ကျင်းပသွားမယ့် ဒီပြိုင်ပွဲကြီးရဲ့  ၁၁ ရက်မြောက်နေ့မှာတင် တရုတ်နိုင်ငံ ဟာ နောက်ဆုံးရရှိခဲ့တဲ့  ဆုတံဆိပ်စံချိန်အပေါ်  ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ အားကစားပြိုင်ပွဲတုန်းက တရုတ်နိုင်ငံအနေနဲ့ ဆုတံဆိပ်ပေါင်း ၂၈၇ ခု ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013