DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်စစ်ရေး မပူးပေါင်းရန် ဂျွန်ကယ်ရီကို တောင်းဆို
DVB
·
August 7, 2014
မြန်မာနှင့်စစ်ရေး မပူးပေါင်းရန် ဂျွန်ကယ်ရီကို တောင်းဆို
Donate to DVB

အစိုးရတပ်တွေက တိုင်းရင်းသားတွေအပေါ် တိုက်ခိုက်နေမှုတွေ ရပ်တန့်အောင် ဖိအားပေးဖို့နဲ့ အမေရိကန်နဲ့မြန်မာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံ ရှမ်းအရပ်ဘက် လူအမှုအဖွဲ့အစည်း ၁၄ ဖွဲ့က တောင်းဆို လိုက်ပါတယ်။

[caption id="attachment_52793" align="alignleft" width="300"]အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)[/caption]ခုသီတင်းပတ်ကုန် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ARF အာဆီယံ ဒေသတွင်း ဖိုရမ်အစည်းအဝေးကို တက်ရောက်ရင်း သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးဖို့ ရှိနေတဲ့ ဂျွန်ကယ်ရီထံ ပြည်တွင်းနဲ့ ထိုင်းအခြေစိုက် ရှမ်းအဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာပါ။

ရှမ်းလူမှုအခြေပြုအဖွဲ့ ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို အိတ်ဖွင့်ပေးစာ ဒီနေ့ သွားရောက် ပေးအပ်ခဲ့ပြီး တာဝန်ကျဝန်ထမ်း ၂ ဦးက လက်ခံရယူခဲ့ပါတယ်။

စာရေးတောင်းဆိုရတဲ့ အကြောင်းကို ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများရဲ့ ပြောခွင့်ရ ယိင်းဟန်ဖက “သမ္မတနဲ့ တွေ့ဆုံတဲ့အချိန်မှာ ကျမတို့ တိုင်းရင်းသားအရေးတွေ ရှမ်းပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုက်ပွဲတွေကို သူကနေတဆင့် သမ္မတဦးသိန်းစိန်ကို ပြောကြားပေး နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်တယ်လေ။ အဲဒါကြောင့် သူ့ဆီ အိတ်ဖွင့်ပေးစာ ပို့ပေးတာဖြစ်ပါတယ်။ ဂျွန်ကယ်ရီကနေ ပြောမယ်ဆိုရင် ပိုပြီး လေးနက်မှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အမေရိကန်နဲ့ မြန်မာ ချစ်ကြည်ရေးက ကျမတို့ထက်ပိုပြီး လေးနက်တယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က ထိုးစစ်ဆင်နေတဲ့ကိစ္စ၊ ရှမ်းပြည်နယ်ထဲမှာ အစိုးရတပ်တွေ စစ်အင်အားတိုးမြှင့် ချထာပြီး အလုံးအရင်းနဲ့ ရပ်ရွာစာသင်ကျောင်းတွေမှာ ၀င်ရောက်စခန်းချနေတဲ့ကိစ္စတွေ ရပ်တန့်အောင် ဂျွန်ကယ်ရီအနေနဲ့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းပြောပြပေးဖို့ စာထဲမှာ ရေးသားဖော်ပြပါတယ်။

အစိုးရတပ်တွေကြောင့် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တဲ့အကြောင်း၊ အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ၂၀၁၄ ခုနှစ် ဇွန်လကစလို့ မြန်မာအစိုးရ စစ်တပ်အင်အား ၃ ထောင်ကို ကျေးသီး၊ မိုင်းရှူးနဲ့ တန့်ယန်း မြို့နယ်တွေမှာ ဖြန့်ချထားတဲ့အကြောင်း၊ ကျေးရွာတွေကို ရာချီတဲ့အမြှောက်ဆန်တွေနဲ့ ပစ်ခတ်တဲ့ အတွက် ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

အစိုးရတပ်ဖွဲ့ဝင်တွေက ရွာထဲမှာ စခန်းချပြီး ရွာသားတွေရဲ့ နေ့စဉ်သွားလာမှုကို ကန့်သတ်တာ၊ အိမ်မွေးတရိစ္ဆာန်တွေကို စားသောက်တာ၊ လယ်ယာစိုက်ခင်းတွေထဲ စည်းရိုးဖျက် ၀င်ထွက်သွားလာတာ၊ လွန်ခဲ့တဲ့ ဇွန်လက တိုက်ပွဲကြောင့် ရွာနဲ့ စိုက်ခင်းတွေထဲ လက်နက်ကြီး ထိမှန်တာ၊ မသင်္ကာသူ ရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေကြောင့် တာဖာဆောင်ရွာသားတွေ ရာနဲ့ချီပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတာ ၁ လကျော်ခဲ့ပြီလို့လည်း ဂျွန်ကယ်ရီဆီ ပေးပို့တဲ့စာမှာ ပါရှိပါတယ်။

ဒီစာကို ရှမ်းလူ့အခွင့်အရေးအဖွဲ့၊ ရှမ်းသဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ပြည်ပရောက် ရှမ်းကျောင်းသူကျောင်းသားများအဖွဲ့၊ ရှမ်းလူငယ်ကွန်ရက်အဖွဲ့၊ ရှမ်းအမျိုးသမီးအဖွဲ့နဲ့ ရှမ်းရွှေ့ပြောင်းအလုပ်သမားအဖွဲ့ စတဲ့အဖွဲ့အစည်းပေါင်း ၁၄ ဖွဲက ပူးပေါင်းပြီး ရေးသား တောင်းဆိုလိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013