DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အရပ်သားပြည်သူအပေါ် ရန်သူသဖွယ် အင်အားသုံး တိုက်ခိုက်နေဟု ကုလ ပြော
DVB
·
October 3, 2023
စစ်တပ်က အရပ်သားပြည်သူအပေါ် ရန်သူသဖွယ် အင်အားသုံး တိုက်ခိုက်နေဟု ကုလ ပြော
Donate to DVB

စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူကို ရန်သူသဖွယ် အင်အားသုံး တိုက်ခိုက်တာတွေကြောင့် သိသာထင်ရှားတဲ့ အရပ်သား သေကျေမှုတွေ ဖြစ်လာတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး  (OHCHR- Myanmar) ရဲ့ အကြီးအကဲ ဂျိမ်းစ်ရိုဒီဟာဗာက ပြောကြားလိုက်ပါတယ်။ 

စစ်အာဏာသိမ်းစကနေ ၂ဝ၂၃ ခုနှစ် ဇူလိုင်လကုန်အထိ စစ်တပ်က လူပေါင်း ၃၈၅၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေနဲ့  ရွာတွေအပေါ် မီးရှို့ဖျက်ဆီးတာတွေကြောင့် အခုလို သိသာထင်ရှားတဲ့ အရပ်သားသေကျေမှုတွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့ OHCHR- မြန်မာရဲ့ တာဝန်ရှိသူ ဂျိမ်းစ်ရိုဒီဟာဗာက အောက်တိုဘာ ၂ ရက်က ထိုင်းနိုင်ငံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်  ပြောဆိုသွားတာပါ။

ဂျိမ်းစ်ရိုဒီဟာဗာက “လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ ၁၆၁ ဦးနဲ့အထက် မျက်မြင် သက်သေတွေကို တွေ့ဆုံမေးမြန်းတဲ့အခါ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းမနိုင်သိမ်းမရလောက်အောင် ဆက်တိုက်ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ အဓိကအချက်ကတော့ မြန်မာစစ်တပ် ကျူးလွန်တဲ့ လုပ်ရပ်တွေကြောင့် အခြေအနေတွေဟာ ပိုမိုပြီးဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လေကြောင်းကတဆင့် တိုက်ခိုက်မှုတွေ၊ ဗုံးကြဲချမှု တွေစတဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြု‌နေခဲ့တာပါ။ ဒါ့အပြင် ဖြစ်ရပ်တခုအတွင်းမှာတင် လူဆယ်ယောက်ထက် မနည်းကို သတ်ဖြတ်ပစ်တာ ဒါမှမဟုတ် အစုလိုက်အပြုံလိုက် သုတ်သင် ရှင်းလင်းတာမျိုးနဲ့ ရွာတွေအပေါ် မီးရှို့ဖျက်ဆီးတာတွေကိုပါ တွေ့ရတယ်။ ဒါကြောင့် သိသာထင်ရှားတဲ့ အရပ်သား သေကျေမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၂၄၁၂၃ ယောက်  ဖျက်ဆီးခံရတဲ့ အဆောက်အဦ ၇၄၈၇၄ လုံးနဲ့ လူပေါင်း ၁ ဒသမ ၆ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့လိုအပ်မှု တစထက်တစ မြင့်တက်နေပေမယ့် စစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြောင့် လူသားချင်းဆိုင်ရာအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ အခက်တွေ့နေရပါတယ်။

ဂျိမ်းစ်ရိုဒီဟာဗာက  “ဘေးကင်းလုံခြုံမှုမရှိတဲ့ ပတ်၀န်းကျင်တခု ဖြစ်တာနဲ့အညီ ဒီလိုနေရာတွေကို သွားရောက်နိုင်ဖို့အတွက် စစ်တပ်ရဲ့ ခွင့်ပြုချက်ရရှိဖို့ကလည်း အခက်အခဲရှိပါတယ်။ မြန်မာစစ် ကောင်စီဟာ လူသားချင်းဆိုင်ရာအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေကို ကန့်သတ်နိုင်အောင်လို့ စစ်တပ်ရဲ့ တရားဝင်အုပ်ချုပ်ရေးဆိုတာကို သိသိသာသာ အသုံးချနေပါတယ်။ စစ်ကောင်စီဟာ ဒီအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပိုပိုပြီး အခက်တွေ့အောင်လုပ်နေတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအတွက် ခရီးသွားလာဖို့ ခွင့်ပြုချက်တွေနဲ့ ဘဏ်အကောင့်လုပ်ဖို့တွေ ပိုခက်ခဲလာပါတယ်။ နောက်ပြီး ဆေးဝါးနဲ့တခြားလူသားချင်းဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံထဲရောက်ဖို့အတွက် စစ်ကောင်စီက သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေပဲ တင်သွင်းနေရတဲ့အတွက် ပိုပီးတော့ အခက်တွေ့စေပါတယ်”လို့ပြောပါတယ်။

ယူအန် OHCHR အနေနဲ့ စစ်ကောင်စီနဲ့ရော NUG အပါအဝင် တခြားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆက်ဆံရတာမျိုးရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေဘက်ကပဲ ရပ်တည်နေတယ်လို့ (OHCHR) တာဝန်ရှိသူကပြောပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးနိုင်ရေး ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြံပြုထားတယ်လို့လည်း  ဆိုပါတယ်။ 

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်အတွင်း  လေကြောင်းကနေ အကြိမ် ၁၀၀၀ လောက် တိုက်ခိုက်ခဲတာကြောင့် အနည်းဆုံး လူ ၂၈၁  ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က ပြီးခဲ့တဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 ဖူးအိအိနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013