DVB Logo
Home
မြန်မာသတင်း
ဇိုတုန်ဒေသ ကြားကာလကျောင်းများတွင် ကျောင်းသား ၄,၀၀၀ ခန့်သင်ကြားနေ
DVB
·
October 2, 2023
ဇိုတုန်ဒေသ ကြားကာလကျောင်းများတွင် ကျောင်းသား ၄,၀၀၀ ခန့်သင်ကြားနေ
Donate to DVB

ချင်းပြည်နယ်အလယ်ပိုင်း၊ ဇိုတုန်ဒေသမှာ အခက်အခဲအမျိုးမျိုးကြားကနေ  ဇိုတုန် ပညာရေးဘုတ်အဖွဲ့က ကျောင်းနေအရွယ်ကလေးငယ် ၃,၈၀၀ ကျော်ကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဇိုတုန်ဖက်ဒရယ်ကောင်စီလက်အောက်မှာ ဇိုတုန်ပညာရေးဘုတ်အဖွဲ့ (ZEB) ကို ၂၀၂၂ ခုနှစ် ဇွန် ၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပညာရေးလုပ်ငန်းစဉ်တွေကို စတင် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ZEB ဟာ ကြားကာလ ပညာသင်ကျောင်းပေါင်း ၄၅ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူ ၃,၈၀၀ ကျော်ကို CDM နဲ့ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမ ၃၁၃ ယောက်က ပညာသင်ကြားပေးနေပြီး အရင်ကထက် အများကြီး တိုးတက်လာတယ်လို့ သိရပါတယ်။

ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတယောက်က “ကြားကာလပညာရေး စတင်တဲ့ အချိန်ကထက် အခုက အများကြီးတိုးတက်လာတယ် ပြောရမယ်။ ကလေးတွေက စာလိုက်နိုင်တယ်။ ကြိုးစားကြတယ်၊ အရင်ကလို စိတ်ဓာတ်ကျတာတို့ မျှော်လင့်ချက် မရှိတာတို့၊ အကြောက်တရားတွေကြောင့် ပညာရေးဘက်မှာ စိတ်ဝင်စားမှုမရှိတာတွေ လျော့နည်းကုန်ပြီး စိတ်အားထက်သန်ပြီး စာပိုကြိုးစားလာကြတယ်” လို့ ပြောပါတယ်။

ဇိုတုန်ဒေသနဲ့ကိုက်ညီတဲ့ သင်ရိုးတွေကို ZEB က ရေးဆွဲပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စနစ်သစ်ပညာရေးနဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

မူလတန်းနဲ့ အလယ်တန်းကို အဓိကနဲ့ ဖြည့်စွက်ဘာသာ ၇ ဘာသာ၊ အထက်တန်းကိုတော့ အဓိကဘာသာနဲ့ ဖြည့်စွက်ဘာသာ ၁၁ ဘာသာ သင်ကြားပေးနေတာပါ။

ဇိုတုန်ဒေသမှာ ဇိုတုန်မျိုးနွယ်စုတွေ အဓိကနေထိုင်ကြပြီး ကလေးတွေကို စာသင်ကြားရာမှာ ဇိုတုန်ဘာသာစကား၊ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတို့ကို အသုံးပြုတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အကြောက်တရားနဲ့ နေထိုင်ခဲ့ကြရတဲ့ ချင်းပြည်နယ်က ကလေးငယ်တွေဟာ ပညာသင်ကြားရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက “အခက်အခဲက အချက် ၃ ချက်ရှိတယ်။ အကြောက်တရားတွေနဲ့ နေထိုင်ရတယ်။ လုံခြုံမှုမရှိဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ စာအုပ်သယ်ယူရတာတွေ ခက်ခဲတယ်။ ဆရာ၊ ဆရာမ အင်အား မလုံလောက်တာတွေရှိတယ်” လို့ ပြောပါတယ်။

ဇိုတုန်ဖက်ဒရယ်ကောင်စီကို တိုက်နယ် ၇ ခု၊ ကျေးရွာပေါင်း ၅၄ ရွာနဲ့ ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စာသင်ကျောင်းတွေအတွက် လုံခြုံရေးကို Chinland Defense Force-Zotung က တာဝန်ယူဆောင်ရွက် ပေးနေပါတယ်။

CDF-Zotung ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်း Danny က  “CDF ထိန်းချုပ်နိုင်တဲ့ နေရာမှာပဲ ကျောင်းတွေဖွင့်ကြတယ်။ စာမေးပွဲကာလတွေမှာတော့ လုံခြုံရေး တင်းကြပ်တယ်။ စာမေးပွဲရက်ဆို ကျောင်းနားတွေမှာ ကာကွယ်ရေးဘက်က ရဲဘော်တွေက လုံခြုံရေးတာဝန်ယူတယ်။ ဆရာဝန်တွေ၊ ကျန်းမာရေးမှူးတွေက ကျန်းမာရေးအပိုင်းပြသနာရှိရင် ကုသနိုင်အောင် ကျောင်းတွေမှာ စောင့်ရှောက်ပေးတယ်” လို့ ပြောပါတယ်။

ဇိုတုန်ဒေသဟာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်ပစ္စည်းသယ်ရေးမလွယ်ကူလို့ စာရေးကိရိယာနဲ့ ကျောင်းသုံးစာအုပ် မလုံလောက် တာတွေလည်း ကြုံရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013