
ကေအန်ယူ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်ထဲမှာ စစ်တပ်က အရပ်သား ၃ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးပြီးတော့ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
ဆောထိ(ရွှေကျင်)မြို့နယ်၊ ပုစွန်မြောင်းကျေးရွာသား ၃ ယောက်ဖြစ်တဲ့ အသက် ၄၁ နှစ် အရွယ် ဦးမင်းမင်း၊ ၄၄ နှစ်အရွယ် ဦးကြီးနဲ့ ၃၂ နှစ်အရွယ် ဖြိုးဝေဦးတို့ကို စစ်ကောင်စီ ခမရ−၂၀ တပ်ရင်းက စက်တင်ဘာ ၂၉ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
နောက်တရက် စက်တင်ဘာ ၃၀ ရက်မှာတော့ ဖမ်းဆီးထားသူတွေထဲက ဦးမင်းမင်းနဲ့ ဦး ကြီးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ဖြိုးဝေဦးကတော့ ထွက်ပြေးလွတ်မြောက် လာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာကနေ အရပ်သားတွေ နေထိုင်ရာ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက နေကြတာကြောင့် အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
အာဏာသိမ်းပြီးချိန်ကစ ပြီး အခုနှစ် ၂၀၂၃ ဇူလိုင်အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာ စစ်ဘေးရှောင် ၆၃၀,၀၀၀ ကျော်အထိရှိလာပြီး အထူးသဖြင့် အခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခု ဇူလိုင်လအတွင်း စစ်ဘေးရှောင်အိုင်ဒီပီ ၁ သိန်း ကျော်အထိ တိုးလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ထုတ်ပြန်ထား ပါတယ်။










