Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်လူကုန်ကူးခံထားရသည့် အိန္ဒိယနိုင်ငံသား ၂ ဦးကို နေရပ်ပြန်ပို့
DVB
·
October 1, 2023

မြန်မာနိုင်ငံက လူကုန်ကူးဂိုဏ်းတွေရဲ့ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနဲ့ မြန်မာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကယ်တင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

လူကုန်ကူးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းလေဆိပ်ကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီကတဆင့် သူတို့ရဲ့နေရာတွေကို ဆက်လက်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူကုန်ကူဂိုဏ်းတွေမှာ အတင်းအဓမ္မ ခိုင်းစေခံနေရတဲ့ အိန္ဒိယနိုင်ငံသား ၃၈၁ ယောက်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီးပြီလို့ အိန္ဒိယသံရုံးက ဆိုပါတယ်။

ကူညီပေးခဲ့တဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ တခြား ဆက်သွယ်ရေးကူညီထောက်ပံ့သူတွေကို ကျေးဇူးတင်ရှိကြောင်း အိန္ဒိယသံရုံးက ပြောခဲ့ပေမယ့် ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။

မြန်မာနိုင်ငံက လူကုန်ကူးဂိုဏ်းတွေဟာ သူတို့ရဲ့ လုပ်ငန်းမှာ လုပ်ကိုင်စေဖို့အတွက် မက်လုံးပေးပြီး အွန်လိုင်းကနေ လိမ်လည်အလုပ်ခေါ်လေ့ရှိတာကို အိန္ဒိယနိုင်ငံသားတွေ အနေနဲ့ သတိပြုဖို့နဲ့ လေ့လာဖို့ အိန္ဒိယသံရုံးက တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာ အလိမ်ခံရတဲ့ အိန္ဒိယနိုင်ငံသား အများစုဟာ မြန်မာနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းနဲ့ တခြားသူတွေရဲ့ အချက်အလက်ခိုးယူတာတွေ၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုတွေနဲ့ အချစ်ရေးလိမ်လည်တဲ့အလုပ်တွေကို လုပ်ကြရတယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာရာဇဝတ်ဂိုဏ်းတွေရဲ့ အလိမ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား ၁၅ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။

ဩဂုတ် ၂၇ ရက်နေ့ကလည်း ရန်ကုန်က လူကုန်ကူးဂိုဏ်းတွေမှာ ကြိုးကိုင် ဦးဆောင်လုပ်ကိုင်နေတယ့် တရုတ်နိုင်ငံ ၂၄ ယောက်ကို မြန်မာရဲတွေက ဖမ်းဆီးပြီး တရုတ်နိုင်ငံဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

 Photo.Embassy of India ,Yangon(ပုံအဟောင်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024