Home
မြန်မာသတင်း
တပတ်အတွင်း စီးပွားရေးသတင်း ( ပဲ၊ နှမ်း၊ ရာဘာ၊ ဖွဲနုဆီ ) 
DVB
·
October 1, 2023
eco1102023
pwe1102023
Ruber1102023
Hnan1102023
bean1102023

စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ ဒီတပတ်အတွင်း မြန်မာပြည်တွင်း ဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ နှမ်းဈေးတွေကျဆင်းပြီး ရာဘာက အမြင့်ဆုံးဈေးကိုရောက်နေပါတယ်။

-မတ်ပဲနှင့် ပဲစင်းငုံဈေးပြန်ကျ

အိန္ဒိယနိုင်ငံက မတ်ပဲနဲ့ ပဲစင်းငုံနီ သိုလှောင်ခွင့်ကန့်သတ်ချက်ကို  ဒီဇင်ဘာလအထိ ထပ်မံတိုးမြင့်လိုက်တဲ့အတွက် မြန်မာပြည်တွင်းပဲဈေး ပြန်ကျသွားပါတယ်။ 

မတ်ပဲနဲ့ပဲစင်းငုံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် အိန္ဒိယဗဟိုအစိုးရက ပြီးခဲ့တဲ့ ဇွန်လကနေစပြီး အောက်တိုဘာလအထိ ပဲစင်းငုံနီနဲ့ မတ်ပဲ ခွဲခြမ်း သိုလှောင်ထားနိုင်မှု ကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

လက်ကား ရောင်းချသူတွေက တန်ချိန် ၂၀၀၊ လက်လီရောင်းချသူတွေက ၅ တန်သာ သိုလှောင်ခွင့်ပေးခဲ့ပါတယ်။ 

ပဲခွဲစက်တွေကလည်း ပဲထုတ်လုပ်မှုအတွက်  ၃ လ အတွင်း ဒါမှမဟုတ် တနှစ်ပတ်လုံး ထုတ်လုပ်နိုင်မှု ပမာဏ ၂၅ ရာခိုင်နှုန်းကိုသာ ထားရှိရမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်ပကို ပဲတင်ပို့နေတဲ့ ကုန်သည်တဦးက “ဒါကတော့ လတ်တလော ရေတိုလို့ သုံးသပ်ရတယ်ပေါ့နော်၊ ဘာလို့ဆို ပြည်တွင်းမှာကလည်း ပဲက နည်းတယ်၊ သူတို့ဘက်ကလည်း လိုအပ်ချက်ကလည်း ကြီးတယ်။ အရမ်းတော့ မကျဆင်းနိုင်ဘူးလို့ မြင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မတ်ပဲက ၁ တန်ကို ၂၆ သိန်းကျော်ထိ စံချိန်တင် မြင့်တက်နေခဲ့ရာကနေ ၃ ရက်အတွင်း ၁ တန်ကို ၁ သိန်းနီးပါး ဈေးကျဆင်းခဲ့တာပါ။

ပဲစင်းငုံနီကတော့ ပြည်တွင်းလက်ကျန်လည်း နည်းနေတဲ့အတွက် အများကြီး ကျဆင်းတာမျိုးမရှိဘဲ ၁ တန်ကို သိန်း ၄၀ ပေါက်ဈေးရှိနေပါတယ်။

ပဲဈေး မတန်တဆ ဈေးမြင့်တက်ခဲ့တဲ့အတွက် အိန္ဒိယအစိုးရက မြန်မာပဲနှမ်းအသင်းကို ဆက်သွယ်မေးမြန်းတာတွေပြုလုပ်ခဲ့သလို သူတို့နိုင်ငံအတွင်း ပဲကုန်သည်တွေကို  ထိန်းချုပ်တာတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၄ လတာ ကာလအတွင်း အိန္ဒိယစျေးကွက်မှာ မတ်ပဲက FOB ဈေး ၁ တန်ကို အမေရိကန်ဒေါ်လာ ၉၉၀ ကနေ ၁၀၁၀ ကြားရှိကာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၄၀၊ ပဲစင်းငုံနီက FOB ဈေး ၁ တန်ကို အမေရိကန်ဒေါ်လာ ၁၃၂၀ ကနေ ၁၃၄၀ ကြားရှိပြီး ၁ တန်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဈေး မြင့်တက်လာခဲ့ပါတယ်။

-ပြည်တွင်းပြည်ပ အဝယ်မရှိသဖြင့် နှမ်းစျေးကျဆင်း

စံချိန်တင်​ စျေးမြင့်တက်ခဲ့တဲ့ နှမ်းဟာ အသစ်ပေါ်လာချိန်မှာတော့ ပြည်ပအဝယ်ရော ပြည်တွင်းအဝယ်ပါ မရှိသလောက်နည်းသွားတာကြောင့် စျေးပြန်လည် ထိုးကျ နေတယ်လို့ နှမ်းကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းနှမ်းစျေးနှုန်းဟာ နှမ်းစပေါ်တဲ့ သြဂုတ်က နှမ်းဖြူ ဂျပန်တအိတ် (၄၅ ပိဿာ) ကို ကျပ် ၄၂၀,၀၀၀၊ နှမ်းနက်စမုံတအိတ် (၄၅ ပိဿာ) ကို ကျပ် ၄၁၀,၀၀၀၊ နှမ်းညိုနဲ့ နှမ်းနက် ရိုးရိုးတအိတ် (၄၅ ပိဿာ) ကို ကျပ် ၃၁၅,၀၀၀ အထိ ရရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် နှမ်းစျေးနှုန်းအရ နှမ်းဖြူ ဂျပန်တအိတ်ကို ကျပ် ၃၅၀,၀၀၀၊ နှမ်းနက် စမုံတအိတ်ကို ကျပ် ၃၄၃,၀၀၀၊ နှမ်းညိုနဲ့ နှမ်းနက် ရိုးရိုးတအိတ်ကို ကျပ် ၂၇၀,၀၀၀ အထိသာ ရရှိပါတယ်။

အောင်လံရှိ နှမ်းပဲကုန်သည်တဦးက “ပြည်ပရော ပြည်တွင်းရော အဝယ်မရှိတော့ စျေးကျတာပါ။ အခုအခြေအနေကို ပြောပြရရင် ဝယ်လက်ပျောက်ပြီး စျေးကျနေတာပါ။ နှမ်းအသစ်တွေကလည်း စျေးကွက်ထဲရောက်လာတော့ စျေးထိုးကျတာပါ။ ပွဲတော်ရာသီ ရောက်ရင်တော့ စျေးပြန်​မြင့်နိုင်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းနှမ်းစျေးနှုန်း ကျသလို နိုင်ငံခြားတင်ပို့တဲ့ နှမ်းစျေးနှုန်းလည်း သိသိသာသာ ကျဆင်းနေတယ်လို့ ဘုရင့်နှောင် ပဲ/နှမ်း ဒိုင်တွေဆီက သိရပါတယ်။

နိုင်ငံခြားတင်ပို့တဲ့နှမ်း FOB စျေးနှုန်းဟာ သြဂုတ်လက နှမ်းဖြူ ဂျပန်တတန်ကို အမေရိကန်ဒေါ်လာ ၂,၁၉၅၊ နှမ်းနက် စမုံ တတန် ၂,၀၂၅ ဒေါ်လာ၊ နှမ်းညိုနဲ့ နှမ်းနက် ရိုးရိုးတတန်ကို ၁,၇၀၀ ဒေါ်လာအထိ ရှိခဲ့ရာက စက်တင်ဘာ ၂၇ ရက် ပေါက်စျေးအရ နှမ်းဖြူ ဂျပန်တတန်ကို ၁,၈၉၀ ဒေါ်လာ၊ နှမ်းနက် စမုံတတန်လ ၁,၇၅၅ ဒေါ်လာ၊ နှမ်းညိုနဲ့ နှမ်းနက် ရိုးရိုးတတန် ၁,၅၅၀ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။

ဘုရင့်နှောင်ရှိ နှမ်းဒိုင်ပိုင်ရှင်တဦးက “နှမ်းအခြေအနေက တရုတ်နဲ့ ဂျပန် အဝယ်ရပ်သွားတော့ နှမ်းစျေးထိုးကျသွားတာပါ။ လက်ရှိ နှမ်းအသစ်တွေလည်း ပေါ်ပေမဲ့ အရည်အသွေးမပြည့်ဝတော့ အဝယ်ခဏရပ်ထားတယ်။ တရုတ်၊ ဂျပန်က အဝယ်ရှိလာရင် စျေးပြန်ကောင်းနိုင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အခုလာမယ့် ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် ၂ သိန်းကျော် တင်ပို့မယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နှမ်းကို မိုးသီးနှံနဲ့ ဆောင်းသီးနှံအဖြစ် တနှစ်ကို ၂ ​ကြိမ် စိုက်ပျိုးကြပါတယ်။ နှမ်းကို မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး ကယားပြည်နယ် နေရာတချို့မှာလည်း အနည်းငယ် စိုက်ပျိုးပါတယ်။

-အထွက်နှုန်းနည်းသဖြင့် ပြည်တွင်းရာဘာ​စျေး အမြင့်​ဆုံးရောက်ရှိ

မိုးတွင်းကာလ ရာဘာထွက်ရှိမှုနည်းတာကြောင့် ပြည်တွင်းရော်ဘာစျေးနှုန်း အမြင့်ဆုံးကို ရောက်နေတယ်လို့ ရာဘာရောင်းဝယ်ရေးဒိုင်တွေဆီက သိရပါတယ်။

ရာဘာစျေးနှုန်းဟာ တပေါင်​ကို ကျပ် ၁,၇၀၀ ကနေ ၁,၈၀၀ အထိရှိပြီး ​မနှစ် ကာလတူ စျေးနှုန်းထက် ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

ရာဘာပြားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “​ဒီရာဘာစျေးတန်းကတော့ အမြင့်ဆုံးစျေးတန်းပါ။ စျေး​က တော်တော်ကောင်းပေမဲ့ အရောင်းအဝယ်က နည်းနည်းပဲရှိပါတယ်။ မိုးတွင်းဖြစ်တော့ ခြံတော်တော်များများ ပိတ်ထားပါတယ်။ လုပ်ကိုင်တဲ့ခြံတချို့ရှိပေမဲ့ အထွက်က နည်းပါတယ်။ ရာဘာအများအပြား ပြန်ထွက်လာရင် စျေးပြန်ကျမယ်ထင်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းရာဘာစျေးနှုန်းဟာ ကမ္ဘာ့ရာဘာစျေးနှုန်းပေါ်မူတည်ပြီး အတက်အကျ ရှိတာကြောင့် အခု ကမ္ဘာ့ရာဘာစျေး အမြင့်ဆုံးရောက်ရှိနေချိန်မှာ ပြည်​တွင်း ရာဘာစျေးပါ တက်လာတယ်လို့ ရာဘာစျေးကွက် လေ့လာစောင့်ကြည့်သူတဦးက​ ပြောပါတယ်။

“ရာဘာက ပြည်တွင်းသုံးတာက ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ ပြည်ပကိုပဲ အဓိကပို့တော့ ကမ္ဘာ့ရာဘာစျေးနှုန်းကို မူတည်သွားတာပါ။ ရာဘာစျေးက ကောင်းပေမဲ့ တရားဝင် တင်ပို့ရင် စစ်ကောင်စီကသတ်မှတ်ထားတဲ့ ဒေါ်လာစျေးနဲ့ပဲ ပြန်လဲကြရ တာကြောင့် တရားမဝင်နယ်စပ်လမ်းကပဲ ထိုင်းတို့ တရုတ်တို့ကို ခိုးသွင်းနေကြတယ်။ ပြီးတော့ မြန်မာက ကမ္ဘာ့ရာဘာစျေးကွက်ကို မထိုးဖောက်နိုင်သေးဘူး။ ထိုင်းတို့၊ တရုတ်တို့​ကနေတဆင့်သွားနေရတော့ ထင်သလောက်စျေးကောင်းမရဘူး။ ထိုင်းတို့ တရုတ်တို့ကလည်း စျေးနှိမ်ဝယ်တာနဲ့ တောင်သူတွေရဲ့ ကုန်ကျစရိတ်တွေများတာ​ကြောင့် ကျမက ဒီစျေးကို စျေးကောင်းတယ်လို့တော့ မထင်ပါဘူး”

မြန်မာနိုင်ငံမှာ ရာဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိပြီး မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အများဆုံးစိုက်ပျိုး​ကာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း စိုက်ပျိုးကြပါတယ်။

မြန်မာ့ရာဘာကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို နယ်စပ်ကုန်သွယ်ရေးကနေ အဓိကတင်ပို့ပြီး အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကိုလည်း ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံတွေကို ရာဘာတန်ချိန် ၃ သိန်းကျော် တင်ပို့ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးစာရင်းအရ သိရပါတယ်။

-ဖွဲနုဆီထုတ်လုပ်လိုသူများကို ချေးငွေနှင့် နည်းပညာ အကူအညီပေးမည်

ဖွဲနုဆီထုတ်လုပ်လိုသူများကို ချေးငွေနဲ့နည်းပညာတွေ အကူအညီပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ဆီက သိရပါတယ်။

ဖွဲနုကနေ ဆီကြမ်းထုတ်လုပ်တဲ့ စက်ရုံနဲ့ ဖွဲနုဆီသန့်စက်ရုံတို့ကို တည်ဆောက် အကောင်အထည်ဖော်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကိုတော့ ငွေကြေးဝန်ဆောင်မှု ဆိုင်ရာအတွက် ကာလလတ် နှစ်ရှည်ချေးငွေရရှိဖို့နဲ့ နည်းပညာပိုင်းကိုတော့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းက ဆန်စပါးအသင်းဝင် ဆန်စက်လုပ်ကိုင်သူ တဦးက  “စိတ်ဝင်စားတဲ့ သူတွေကတော့ ရှိတယ်။ ဒါပေမယ့် အရင်ကလည်း  မဖြစ်ခဲ့တဲ့နမူနာတွေရှိတော့ စောင့်ကြည့်နေရတာပေါ့။ အရင်က ရှိခဲ့တဲ့ဟာတွေက တန်ချိန်နည်းတယ်။ ထွက်တာနည်းတော့ ကုန်တဲ့ကုန်ကျစရိတ်တွေနဲ့ မကိုက်တော့ မလုပ်ဖြစ်ဘဲ ပိတ်သွားတာ” လို့ ပြောပါတယ်။

ဖွဲနုဆီထုတ်လုပ်တာနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။ အခု စီမံကိန်းအတွက် ငွေကျပ် ၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဧရာ၀တီတိုင်း၊ မြောင်းမြမှာ ပြုလုပ်နေပါတယ်။

စက်ရုံကနေထွက်ရှိမယ့် ဖွဲနုဆီတွေကို ပြည်တွင်းဆီဖူလုံဖို့ ရည်ရွယ်ထားပြီး အိန္ဒိယ၊ ဂျပန်အပြင် တခြားပြည်ပနိုင်ငံတွေကို ရောင်းချသွားမှာဖြစ်ပါတယ်။ ဆီထုတ်ပြီး ဖွဲနုတွေကိုတော့ မွေးမြူရေး လုပ်ငန်းတွေကို ရောင်းချသွားမှာပါ။

လက်ရှိမှာတော့ သီလဝါမှာရှိတဲ့ ဝေမာမြန်မာစက်ရုံကနေ ဖွဲနုဆီ တရက်ကို တန်ချိန် ‌၄၀၀ ထွက်ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024