
တောင်တရုတ်ပင်လယ်အပေါ် တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်ဆိုတဲ့ ပြောဆိုချက်ဟာ ဥပဒေအရ အခြေအမြစ်မရှိဘူးလို့ နိုင်ငံ ၁၄ နိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) က ကြေညာလိုက်ပါတယ်။
ဒီကြေညာချက်ကို ကုလသမဂ္ဂ ပင်လယ်ဥပဒေ ကွန်ဗင်းရှင်းအရ သည်ဟိတ်ဂ်မြို့မှာ ဖွဲ့စည်းထားတဲ့ ခုံရုံးက ၂၀၁၆ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ အလားတူ ဆုံးဖြတ်ချက် ၁၀ နှစ်ပြည့်ဖြစ်တဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ပြီး ဥပဒေအရ မဖြစ်မနေ လိုက်နာရမယ်လို့ အဲဒီကြေညာချက်မှာ အတည်ပြုထားပါတယ်။
ဥရောပသမဂ္ဂ (EU) ကလည်း ဒီဆုံးဖြတ်ချက်ဟာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် သမိုင်းဝင်မှတ်တိုင်ဖြစ်တယ်လို့ သီးခြားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက ကမ်းခြေစောင့်တပ်တွေ၊ စစ်တပ်တွေသုံးပြီး တခြားနိုင်ငံတွေကို ခြိမ်းခြောက် ဟန့်တားနေတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အဲဒီနိုင်ငံတွေက ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံတကာခုံရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ တရားမဝင်တဲ့ စက္ကူစုတ်တရွက်သာဖြစ်ပြီး သက်ရောက်မှုမရှိဘူးလို့ တုံ့ပြန်ပါတယ်။
မကြာသေးခင်နှစ်တွေမှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ အငြင်းပွားရေပိုင်နက်မှာ ဖိလစ်ပိုင်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရရင် ကာကွယ်ပေးသွားမယ်လို့ သတိပေးထားပါတယ်။
ပူးတွဲထုတ်ပြန်တဲ့ နိုင်ငံ ၁၄ နိုင်ငံကတော့ အမေရိကန်၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ရိုမေးနီးယားနဲ့ ဆလိုဗေးနီးယား နိုင်ငံတို့ ဖြစ်ပါတယ်။










